ပွင့်ဖြူ ၁၆ မတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
အဆိုပါ ပိတောက်လမ်းသည် လမ်းအရှည်ပေ ၁၄၇၀ ရှိပြီး မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အကျယ် ၂ ပေ ၆ လက်မ၊ အနက် ၂ ပေ ရှိ အုတ်ရိုးစီရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဧပြီ ၁၅ ရက်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပရေး အတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာနခွင့်ပြု ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၆၅ ဒသမ ၇၁ သန်းဖြင့် ယခု ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အပါအဝင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း (လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


