ဒီးမော့ဆို ၁၆ မတ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေါငံခါး ကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ အို့ခူးရီးကျေးရွာ လယ်ယာကုန်ထုတ်လမ်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ယူဆမိုဆိုကျေးရွာ လယ်ယာကုန်ထုတ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူးက လယ်ယာကုန်ထုတ်လမ်းများသည် ကျေးရွာပြည်သူလူထု၏ သီးနှံများ ဈေးကွက်သို့ အချိန်မီ သယ်ယူနိုင်ရန်အတွက် အရေးပါသော လမ်းဖြစ်သည့်အတွက် လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်းမှာကြားခဲ့ သည်။
ဆက်လက်၍ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃၁ ဒသမ ၁၉ သန်းဖြင့် ဆောင်ဒူလာနှင့် ဆီးသင့်ကုန်းကျေးရွာ ရေရရှိရေး လုပ်ငန်းများဖြစ်သည့် ရေစက်ရုံ ၊ (7.5 HP) motor + (၄)ထပ်ပန့် တပ်ဆင်ခြင်း၊ (100 KVA) Transformer နှင့် ဆက်စပ်ပစ္စည်းတပ်ဆင်ခြင်း၊ ဂါလန် ၁၀ဝ၀ဝ ဆံ့ နှင့် ၅၀ဝ၀ ဆံ့ အုတ်ရေကန်၊ ရေတင်ပိုက်၊ ကျေးရွာအတွင်း ရေဖြန့်ပိုက်နှင့် ဂါလန် ၁၀ဝ၀ဝ ဆံ့ အုတ်ရေကန်အား ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများနှင့် ပြည်ထောင်စု ရန်ပုံငွေကျပ် ၄၄ ဒသမ ဝ၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် တေးဂေခိုကျေးရွာနှင့် စီစန်းခိုကျေးရွာရှိ ရေရရှိရေးလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


