ဒီးမော့ဆို ၁၆ မတ်
ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပျံ့နှံ့နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019/ Covid-19) ကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုး ကျေးရွာအုပ်စု ဖဲလျားကျေးရွာတွင် မတ် ၂၃ ရက်မှ ၂၈ ရက်ထိ ကျင်းပမည့် (၆၂) နှစ်မြောက် ကယားပြည်နယ် လုံးဆိုင်ရာ စုပေါင်းရိုးရာကေ့ထျိုးဘိုးပွဲတော်အား စည်းကားသိုက်မြိုက်စွာ မကျင်းပတော့ဘဲ ရိုးရာအစဉ်အလာနှင့်အညီ သက်ဆိုင်ရာ အီလူးဗျာကျယ်(ရိုးရာအကြီးအကဲ) များနှင့် တာဝန်ရှိသူများသာ ဦးစီးဦးဆောင်၍ အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း (၆၂) နှစ်မြောက် စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် ကျင်းပရေးဦးစီးကော်မတီမှ မတ် ၁၆ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) သည် ယခုအခါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် အဆိုပါ ရောဂါဖြစ်ခြင်းမှ ကင်းဝေးစေရေး ကြိုတင်တားဆီးကာကွယ် သည့် အနေဖြင့်သော်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ ပန်ကြားချက်တို့ကို လိုက်နာသောအားဖြင့် သော်လည်းကောင်း (၆၂) နှစ်မြောက် စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် ကျင်းပရေးဦးစီးကော်မတီအနေဖြင့် ကယားပြည်နယ် ကေ့ထျိုးဘိုးရိုးရာ ဂေါပကအဖွဲ့ချုပ်နှင့် အပြန်အလှန် ညှိနှိုင်းတိုင်ပင် သဘောတူညီချက် ရယူကာ (၆၂) နှစ်မြောက် စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော်ကို လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ပါဝင်သည်။
အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019/ Covid-19)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်နေ့ ထုတ်ပြန့်ချက် တွင် အဆိုပါ ရောဂါသည် လူစုလူဝေးများပြားရာနေရာများ၌ လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ဖော်ပြပါရှိသည်။
စုပေါင်းရိုးရာ ကေ့ထျိုးဘိုးပွဲတော် ကျင်းပရာတွင် ရပေ်းရပ်နီးမှ ကျေးရွာအသီးသီးများကို ဖိတ်ခေါ်၍ ပါဝင်ဆင်နွဲစေပြီး ပွဲတော်တွင် လူထုအကြိုတွေ့ဆုံပွဲ၊ လူထုအခမ်းအနား၊ ရိုးရာယဉ်ကျေးမှု အကပဒေသာ၊ အီလူးဗျာကျယ်နှင့် ကျေးရွာကိုယ်စားလှယ်များ နှစ်ပတ်လည်အစည်းအဝေး၊ မော်မိုးကော်မတီ အစည်းအဝေး၊ ဈေးဆိုင်များ ခင်းကျင်းရောင်းချခြင်းနှင့် အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်တော့မည် မဟုတ်ဘဲ ကေ့ထျိုးဘိုးတိုင်တော် ခုတ်ယူခြင်း၊ ကေ့ထျိုးဘိုးတိုင်တော် သယ်ယူခြင်းနှင့် ကေ့ထျိုးဘိုးတိုင်တော် စိုက်ထူပူဇော်ခြင်းများကိုသာ ရိုးရာအစဉ်အလာနှင့်အညီ သက်ဆိုင်ရာ အီလူးဗျာကျယ်(ရိုးရာအကြီးအကဲ) များနှင့် တာဝန်ရှိသူများသာ ဦးစီးဦးဆောင်၍ အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


