ငပလီမြို့ ၁၆ မတ်
ငပလီမြို့သို့ အပန်းဖြေလာရောက်ကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ငပလီမြို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော် ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ၊ ငပလီမြို့ဌာနဆိုင်ရာများ ပူးပေါင်း၍ ငပလီမြို့ လမ်းမကြီးတစ်လျှောက်ရှိ ဟိုတယ်များ ၊ စာသောက်ဆိုင်များ ၊ အများပြည်သူသွားလာနေသည့် ကားဂိတ်များ ၊ ခရီးသွားပြည်သူများနှင့် မြို့မစျးကြီးတို့တွင် အသိပညာပေး လက်ကမ်းစာစောင် (၁၅၀၀) စောင်ကိုအခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများသို့ အသိပညာပေး လုပ်ငန်းများကို ငပလီမြို့ ရပ်ကွက်တိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ငြိမ်း(ပြန်/ဆက်)


