ဖားကန့်  ၁၆     မတ်    

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ နွေရာသီကျောင်းပိတ်ချိန် ကျောင်းသား ကျောင်းသူများ မိမိတို့နှစ်သက်ရာ လေ့လာသင်ယူ နိုင်ရန်အတွက် သင်တန်းများဆက်တိုက်ဖွင့်လှစ်ပေးရန် စီစဉ်ထားခဲ့သော်လည်း ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါ တစ်မျိုးဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID - 19) ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ဖွင့်လှစ်ပေးမည့်သင်တန်းအားလုံး ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

 

ဆိုင်းငံ့လိုက်သည့် သင်တန်းများမှာ မတ် ၁၇ ရက်မှ မတ် ၂၀ ထိ စကားပြော စွမ်းရည်မြှင့် သင်တန်းမှ စတင်ကာ ပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ မြန်မာစာ အရေးအသား ပြေပြစ်ချောမွေ့စွာ ရေးသားနည်းသင်တန်းနှင့် အခြေခံသတင်းရေးသားနည်း သင်တန်း တို့ ပါဝင်သည်။

 

"ဒီဗိုင်းရပ်စ်ရောဂါက ကျွန်တော်တို့နိုင်ငံမှာတော့ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆိုင်းငံ့လိုက်တာပါ၊ ဧပြီလကုန်အထိဖွင့်ဖြစ်မှာမဟုတ်ပါဘူး၊ ကျောင်းသားမိဘ တွေလည်း သင်တန်းလွှတ်ပြီး စိုးရိမ်နေရတာမျိုးတွေ မဖြစ်စေချင်ပါဘူး"ဟု  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုကိုဦးက  ပြောသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၁၁-၃-၂၀၂၀ ရက်နေ့က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID - 19)ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့သလို မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးမှ ၁၃-၃-၂၀၂၀ ရက်နေ့ ထုတ်ပြန်သော ပြည်သူသို့ ပန်ကြားချက်တွင် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ ပွဲလမ်းသဘင်များအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီ (၃၀)ရက်နေ့ အထိ ခွင့်ပြုခွင့်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

တာလင်းမောင်(ပြန်/ဆက်)