နေပြည်တော် ၁၆ မတ်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက် နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲပေး ပိုင်ခွင့်ရှိသည့် နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းတွင်ပါရှိရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ပြီး အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးဖြစ်ကြောင်း။

မဲစာရင်းများကို စဉ်ဆက်မပြတ် စိစစ်ပြင်ဆင်သွားမှသာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းရရှိမည်ဖြစ်ကြောင်း၊ ပြုစုထားပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာစာရင်း သွင်းရာတွင် အချက်အလက်များကို မှားယွင်းမှုနှင့် ပျက်စီးမှုမရှိစေရေးအတွက် စနစ်တကျ ရေးသွင်းထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊   အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ ကြိုတင်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိပြီး  တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်သတ်မှတ်ရန်အတွက် နိုင်ငံတော်လူဦးရေ၏ ဝ ဒသမ ၁  ရာခိုင်နှုန်းနှင့်အထက် ရှိသည့် တိုင်းရင်းသားလူမျိုးစာရင်းရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များပြင်ဆင်ပြီး စာအုပ်များ ပုံနှိပ်ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ကော်မရှင်အဖွဲ့ခွဲများအတွက် လိုအပ်သည့် ရုံးသုံးစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး မဲရုံသုံး ပစ္စည်းများ လုံလောက်စွာနှင့် အချိန်မီရရှိရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မကြာမီကာလတွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှိနေမည် ဖြစ်ကြောင်း။

 

a

 

ထို့ကြောင့် လုပ်ဆောင်သင့်သည်များကို ကြိုတင်စဉ်းစားမျှော်တွေးပြီး လုပ်ငန်းစဉ် အလိုက် ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အခက်အခဲများရှိပါကလည်း ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန် လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိက ဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် မဲပေးပိုင်ခွင့်ရှိ သော နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်စေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ 

ထို့နောက် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၏ အကြံပြု တင်ပြချက်များနှင့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

(သတင်းစဉ်)