ကျောက်မဲ ၁၆ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးသော်လည်း မိမိတို့အနေဖြင့် ပေါ့ဆ၍မရဘဲ မိမိတို့မြို့နယ်တွင် ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့် သံသယလူနာ၊ စောင့်ကြည့်လူနာများ ရှိလာပါက အရေးပေါ် ကူညီဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယခုအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ခရိုင်ဆရာဝန် ဒေါက်တာနန်းရီလှိုင်ဦးက COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် အသက်ရှူစက်၊ နှာခေါင်းစည်း၊ လက်အိတ်၊ ကျန်းမာရေးဝန်ထမ်းသုံး ဝတ်စုံများ အလှူခံဝယ်ယူထားရှိနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


