စစ်ကိုင်း ၁၆ မတ်
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆင်တပ်ကျေးရွာနှင့် ရွာသစ်ကြီး အမှတ်-၃- အထည်ချုပ် စက်ရုံများသို့ ယနေ့နံနက် ၁၀ နာရီက သွားရောက်၍ သုတ/ ရသ စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
"ကျွန်တော့် စက်ရုံမှာ စာဖတ်ဝါသနာပါသူဝန်ထမ်းတွေ တော်တော်များများ ရှိပါတယ်။ အခုလို စက်ရုံအရောက် လာငှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှစ်ပတ်တစ်ကြိမ် အသစ်လဲလှယ် ငှားရမ်းပေးမှာ ဖြစ်တဲ့အတွက် သူတို့တွေလည်း စာဖတ်ချိန် ရရှိကြပါတယ်" ဟု စက်ရုံမှူး ဦးစိုးလွင်က ပြောပြပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်ဇူဇူအောင်ကလည်း ယခုအချိန်တွင် ကျောင်းများ ပိတ်ထားသည့် အတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာများသို့ နေ့စဉ်အလှည့်ကျ ငှားရမ်းပေးလျက်ရှိကြောင်း၊ ပြည်သူများ စာဖတ်ကြပြီး အသိပညာ၊ ဗဟုသုတများ ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင်ပြန်/ဆက်


