မြောင်းမြ ၁၆ မတ်     

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အခြေခံစက်ချုပ်သင်တန်းကို  မြောင်းမြမြို့နယ်၊ မြို့ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ရာ မြို့ဟောင်း၊ ကုန်းသာ၊ ငါးရွာစု၊ ပိန္နဲချောင်း၊ ငါးမြင်းချောင်း၊ အထက်စု၊ ကြွက်နွယ်ချောင်း၊ မြစိမ်းတောင်၊ ညောင်ပင်ကြီး ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦးတို့ တက်ရောက်ကြသည်။

"အမျိုးသားတွေအတွက် အခြေခံစက်ပြင်သင်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီးတန်းတူညီမျှ အခွင့်အရေးအတွက် အခု စက်ချုပ်သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်၊ ကျေးရွာပြည်သူတွေ အိမ်တွင်းမှုလုပ်ငန်းများနဲ့  တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးပွါးစေရေး ရည်ရွယ်ပါတယ်"ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ပြောသည်။

အဆိုပါသင်တန်းတွင် ကျွမ်းကျင်စက်ချုပ် သင်တန်းဆရာမက အခြေခံအမျိုးသမီးဝတ် အင်္ကျီချုပ်နည်း (၁၉)မျိုးကို မတ် ၁၆ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ (၁)လ ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဇာနည်တင့်၊ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်း၊ မြို့နယ်ထွေအုပ်ဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်မိုးကျော်နှင့် မြို့နယ်မြစိမ်းရောင်ကော်မတီအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသ ခရိုင်ဦးစီးမှူး ဦးသင်းဦး အမှာစကားပြောကြားခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ)