ပင်လောင်း ၁၆ မတ်
နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ် ၁၆ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအကြောင်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများကို မြို့နယ်အတွင်းရှိ ပြည်သူလူထု များ ရောဂါနှင့်ပတ်သက်၍ သိရှိစေရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာတာဝန်ရှိသူ များက ပြည်သူလူထုများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အကြောင်းနှင့် ကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းကို လိုက်နာဆောင်ရွက် နိုင်စေရန်အတွက် အသိပညာ ပေးဖို့လိုအပ်ကြောင်း ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ထွေအုပ်ဝန်ထမ်းစားရေးများ တက်ရောက်ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)


