မြဝတီ ၁၇ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၅၀ ဖြင့် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် မတ်လ ၁၆ ရက်နေ့ မွန်းလွှဲပိုင်းက မြဝတီမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေကြသည့် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မြဝတီမြို့နယ်၊ အထက(ခွဲ)-၁ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုပြီး အလက(၂) မြဝတီကျောင်းတွင် တည်းခိုနေထိုင်သော လေးကစ်ကော်မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား သွားရောက် တွေ့ဆုံ၍ စာမေးပွဲဆိုင်ရာအားပေးစကားများ ပြောကြားကာ အဟာရဖြည့်စွက် မုန့်များနှင့် အချိုရည်များ ဝေငှပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အလက(၄)မြဝတီတွင် တည်းခိုနေထိုင်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် သွေးသစ်မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် မဟာစည်ဘုန်းတော်ကြီး ကျောင်းတွင်တည်းခိုနေထိုင်သည့် ဆာသူးလေ မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း၊ ယခုနှစ်တွင် မြဝတီမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခုဖြင့် ကျင်းပ လျက်ရှိပြီး မြန်မာရွှေ့ပြောင်းကျောင်းများဖြစ်သည့် လေးကစ်ကော်၊ ဆာသူးလေ၊ သွေးသစ်နှင့် saw ကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူ ၁၅၀ ခန့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း၊ ရပ်ဝေးကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား နေရာ ၈ ခုတွင် တည်းခိုနေထိုင်စေလျက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


