ပွင့်ဖြူ ၁၇ မတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ပဲထောပတ် သီးနှံများ စတင်သိမ်းဆည်းနေချိန်ဖြစ်ရာ ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ပဲထောပတ်သီးနှံဈေးနှုန်းများ ကျဆင်းနေမှုကြောင့် စိုက်ပျိုး တောင်သူများ အရှုံးပေါ်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေ ပေါကြွယ်ဝမှုကြောင့် ၁၂ လ ရာသီ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း သိရသည်။ ထိုသို့သီးနှံများ စိုက်ပျိုးရာတွင် ပဲထောပတ်သီးနှံကို ဆောင်းရာသီ သီးနှံအဖြစ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးသည့် ပဲထောပတ်သီးနှံများ သိမ်းဆည်းချိန်တွင် ယခင်နှစ်ကထက် ဈေးနှုန်းများ ထက်ဝက်ခန့် ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်လျက်ရှိနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ရာသီဉတု သင့်တင့်မျှတပြီး စိုက်ပျိုးရေလည်း ပေါကြွယ်ဝတဲ့အတွက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းကို ၁၂ လ ရာသီ စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ သီးနှံများစိုက်ပျိုးရာတွင် ဆန်စပါး ၊ နှမ်း ၊ မြေပဲ ၊ ကုလားပဲ ၊ နေကြာ ၊ ပဲထောပတ် ၊ ငှက်ပျော ၊ ကြံသီးနှံနဲ့ အခြား သီးပင်စားပင် မျိုးစုံတို့ကို စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ အဲဒီသီးနှံတွေ ထဲမှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးတဲ့ ပဲထောပတ်သီးနှံကိုတော့ တောင်သူအများစု အားထား စိုက်ပျိုးကြပါတယ်။ ပဲထောပတ်သီးနှံဟာ ပြည်ပနိုင်ငံတွေအထိ တင်ပို့ရောင်းချနေရတဲ့ သီးနှံတစ်မျိုး ဖြစ်လို့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ သီးနှံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပဲထောပတ်သီးနှံက တစ်တင်းကို ငွေကျပ် ၃၇၀ဝ၀ အထိ ရောင်းချရပါတယ်။ ဒါ့ကြောင့် တောင်သူတွေက ဆောင်းသီးနှံဖြစ်တဲ့ ပဲထောပတ်သီးနှံကို အားထားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ယခုနှစ်မှာတော့ ပဲထောပတ်သီးနှံက တောင်သူတွေ စိုက်ပျိုးရာသီမှာ မျိုးဈေးကို တစ်တင်း ငွေကျပ် ၅၀ဝ၀ဝ၀ ပေးပြီး ဝယ်ယူစိုက်ပျိုးခဲ့ရကာ ယခု သီးနှံပြန်လည် သိမ်းဆည်းချိန် ပေါ်ဦးပေါ်ဖျားမှာ တစ်တင်းကို ငွေကျပ် ၂၀ဝ၀ဝ နှုန်းလောက်ပဲ ရောင်းချရလို့ စိုက်ပျိုးတဲ့တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ ခုဆိုရင် ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ တောင်သူတစ်ချို့ဆိုရင် ပဲထောပတ်သီးနှံ အရှုံးပေါ်လို့ စိုက်ပျိုးစရိတ်အရင်းအနှီးလေး ကာမိအောင် ကြက်ဟင်းခါးသီးနှံကို အလျင်စလို စိုက်ပျိုးလုပ်ကိုင်နေကြပါတယ်။ တစ်ချို့တောင်သူတွေဆိုရင်လဲ နွေသီးနှံ နှမ်းစိုက်ပျိုးဖို့ ကြိုတင်ပြင်ဆင်လုပ်ကိုင်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ယောစုကျေးရွာမှ ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦး က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


