ဘုရားသုံးဆူ ၁၇ မတ်
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ထိုင်း-မြန်မာနယ်စပ် (Check point)တွင် ကိုရိုနာဗိုင်ရပ်စ် (Covid-19) နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ဘုရားဖူးဧည့်သည်များ၊ အလုပ်သမားများ၊ နေရပ်ပြန်ပြည်သူများအား ရောဂါပိုးရှိ မရှိ အပူချိန်တိုင်းကရိယာဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက Covid-19 နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ထားရှိပေးခြင်း၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ Covid-19 နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်း၊ ကာကွယ်ရေး နည်းလမ်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ တာဝန်ခံဆရာဝန် ဒေါက်တာခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါစစ်ဆေး ဆောင်ရွက်မှုများကို ကျေးလက်ကျန်းမာရေးဌာန နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောရဲဝင်းထွဋ်(သုံးဆူ)


