ကျောက်ဆည်  ၁၇  မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် ၁၀ နာရီက ဆေးရုံအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရပ်ကွက်/ကျေးရွာ ဥက္ကဋ္ဌများအား COVID-19 ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများအား အသိပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။    

 

7006

 

ဆွေးနွေးပွဲတွင် အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးက ကမ္ဘာပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အန္တရာယ်ဆိုး ဆားရောဂါနှင့် မားစ်ရောဂါများအကြောင်း၊ ယခုဖြစ်ပွားနေသည့် ကူးဆက်မြန် COVID-19 ရောဂါနှင့်ပတ်သက်၍ အခြေအနေများကိုလည်းကောင်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်က COVID-19 ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်၊ ကုသလူနာများအတွက် ဆေးရုံကြီးမှ ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ထိုသို့ ရှင်းလင်းဆွေးနွေးမှုမှားအပေါ် တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် လုပ်ငန်းရှင်များက လူစုလူဝေးမှန်သမျှကို အသိပညာပေးတားဆီးရန်နှင့် COVID-19 ရောဂါစောင့်ကြည့်၊ ကူသလူနာနှင့် ဆရာဝန်များအတွက် အရေးပေါ်လိုအပ်မည့် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံး စုဆောင်ရရှိမည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် COVID-19 ရောဂါရန်ပုံငွေအဖြစ် အင်ရောင်းဆေးဝါးစက်ရုံမှူး၊ ဦးမျိုးနန္ဒနှင့်ဇနီး ဒေါက်တာ ဇင်မာယဉ်တို့က အလှူငွေ ၅ သိန်း၊ လက်ဆေးအရက်ပြန်ဆပ်ပြာရည် ၄၀ ဗူးနှင့် တစ်ခါသုံး နှာခေါင်းစည်း တို့ကိုလည်းကောင်း၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မိုးနှင့်ဇနီး ဒေါ်ခင်ဌေးလွင်တို့က အလှူငွေ ၅ သိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းမင်းဇော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သက်မောင် (ကျောက်ဆည်)