နေပြည်တော် ၁၇ မတ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ မတ် ၁၂ ရက်တွင် လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် သန်လျင်လူငယ် သင်တန်းကျောင်းသို့ မတ် ၁၃ ရက်တွင် လည်း ကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အဖွဲ့များသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သင်တန်းကျောင်းများအတွင်း သင်တန်းသားလူငယ်များကို ထိန်းသိမ်းစောင့်ရှောက် ပေးနေမှုနှင့် ကာကွယ်စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်တန်းသား လူငယ်များနှင့်တွေ့ဆုံ၍ ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှု ရှိ/မရှိ၊ အခြေခံ လူ့အခွင့်အရေးများရရှိမှု ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြကာ ခရီးစဉ်တွေ့ရှိချက်ကို အခြေခံ၍ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


