ရန်ကုန် ၁၇ မတ် 

 

မန္တလေး ကန်တော်နဒီဆေးရုံတွင် ယနေ့နံနက်ပိုင်းက သေဆုံးသွားသည့် အမျိုးသမီးစောင့်ကြည့်လူနာနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန (NHL)မှ အဖြေရမှသာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရှိ/မရှိ အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံက သိရသည်။

 

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန (NHL)ကို မန္တလေးကနေ လေယာဉ်နဲ့ ပေးပို့ဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်။ NHL ကို မရောက်သေးတဲ့အတွက် ဘာမှထုတ်ပြန်လို့ မရသေးဘူး။ သူရဲ့လက္ခဏာတွေရော တခြား သွေးအဖြေတွေအရရော ဒီရောဂါဖြစ်ဖို့ ရာခိုင်နှုန်းအတော်နည်းပါတယ်။ သူရဲ့သွေးအဖြေတွေက ဗိုင်းရပ်စ်နဲ့မတူဘူး” ဟု ပြောသည်။

 

အဆိုပါ သေဆုံးသွားသည့် အမျိုးသမီး စောင့်ကြည့်လူနာသည် မန္တလေး ကန်တော်နဒီဆေးရုံတွင် မတ် ၁၆ ရက်က တက်ရောက်ကုသမှု ခံယူနေသော တံတားဦးမြို့နယ် ဇီးကုန်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး စောင့်ကြည့်လူနာဖြစ်ပြီး ယနေ့နံနက် ၇ နာရီခွဲတွင် သေဆုံးသွားခြင်းဖြစ်သည်။

 

မတ် ၁၇ ရက် ညနေ ၃ နာရီကျော်တွင် အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံအနက် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရသည့် နိုင်ငံပေါင်း ၁၄၈ နိုင်ငံရှိပြီး နိုင်ငံ ၅၆ နိုင်ငံသည် မတွေ့ရသေးကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

 

သတင်း-မင်းသစ်(MNA)