နေပြည်တော် ၁၇ မတ် 

 

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

6229

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါပျံ့နှံ့ကူးစက်မှု အရှိန်အဟုန်မြှင့် များပြားနေသည့် ကာလအတွင်း မိမိတို့နိုင်ငံတွင်းသို့ အဆိုပါနိုင်ငံများမှ ဝင်ရောက်လာသော ခရီးသည်များထဲမှ ရောဂါဖြစ်ပွားသူ ရှာဖွေခြင်းနှင့် ဝင်ရောက်လာသည့် အရေအတွက် နည်းနိုင်သမျှ နည်းရမည် ဟူသော ခံယူချက်ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း။

 

ကမ္ဘာအရပ်ရပ်ရှိ COVID-19 ရောဂါဖြစ်ပွားသော နိုင်ငံများ၌ ရောဂါကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းနည်းဗျူဟာများမှာ လေယာဉ်ခရီးစဉ်များ ပိတ်ပင်ခြင်း၊ လျှော့ချခြင်း၊ မြို့များ၌ အဝင်/အထွက် ပိတ်ပင်ခြင်း၊ ကျောင်းများ ပိတ်ပင်ခြင်း၊ မရှိမဖြစ်ဆိုင်များမှလွဲ၍ အခြားဆိုင်များ ပိတ်ပင်ခြင်းနှင့် လူစုလူဝေးများ မလုပ်ရန် ပိတ်ပင်ခြင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနိုင်ငံတစ်ခုမှ ဦးစီးကျင်းပမည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များစွာ တက်ရောက်မည့် အစည်းအဝေးများနှင့် ညီလာခံများ ပိတ်ပင်ခြင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေပေါ်မူတည်၍ လိုအပ်လျှင် လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဗဟိုကော်မတီသို့ အကြံပြု တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိရသေးသော ရောဂါကာကွယ်ထိန်းချုပ်နိုင်မည့် အခွင့်အလမ်းပြတင်းပေါက်ဖွင့်ချိန်ကာလ (window of opportunity) (၂) လခွဲခန့်အတွင်း ထိရောက်စွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဤအခွင့်အလမ်း ပြတင်းပေါက် ဖွင့်ချိန်ကာလသည် အချိန်မရွေးပိတ်သွားနိုင်သည်ဖြစ်၍ ဆေးရုံပိုင်းဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ၊ ပြည်သူများကို ဤရောဂါ နှင့်ပတ်သက်၍ အသိပေးခြင်းများ၊ ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများပေးအပ်ခြင်း စသည်တို့ကို အဖက်ဖက်မှ အဆင်သင့်ဖြစ်စေရေးကို ယခုထက် ပိုမိုအားထုတ်ဆောင်ရွက်ပါက ရေရှည်တွင် အကျိုးရှိမည်ဖြစ်ကြောင်း။

 

ယခုအခါ Video Conferencing ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်နေသဖြင့် လုပ်ငန်းများ ပိုမိုလျင်မြန်စွာပြီးစီးမည့်အပြင် လုပ်ဆောင်ထားရှိမှုများ ထိရောက်မှု ရှိ/မရှိကို အချိန်နှင့်တစ်ပြေးညီ ဆန်းစစ်သုံးသပ်နိုင်ပြီဖြစ်ကြောင်း၊ Video Conferencing ပြုလုပ်ခြင်းဖြင့် ဗဟိုနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အသိပညာများဖလှယ်နိုင်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများ၏ လိုအပ်ချက်များကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကူးစက်မှု၊ ပြန့်ပွားမှုပုံစံများကို ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ပြီး  အသိပေးနိုင်ခြင်း အစရှိသည့် အကျိုးများကိုရရှိ၍ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုထိရောက်မည်ဖြစ်ကြောင်း။

 

ထို့အတူ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာကျင့်သုံးသင့်သည့် မှတ်သားရလွယ်ကူမည့်အချက်များကို ပြန်လည်စုစည်း ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ပိုမိုသိရှိနားလည် သဘောပေါက်စေရန် ရောဂါနှင့်ပတ်သက်သည့် အမေးများသည့် မေးခွန်းများနှင့် အဖြေများ (Frequently Asked Questions) ကို ပြန်လည်မွမ်းမံထုတ်ပြန်မည်ဖြစ်ကြောင်း။

 

အလားတူ နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများအပြင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများမှ တိုက်ပွဲရှောင်ဒုက္ခသည်စခန်များတွင် နေထိုင်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးနိုင်ရေးနှင့်  ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ချက်များကိုပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး မတက်ရောက်မီတွင် Non-Contact Thermometer များဖြင့် နေ့စဉ် ကိုယ်အပူချိန်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ယခုအချိန်ကာလ၌ ပိုမိုအားထည့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် သင်တန်းများ၊ လူများစွာတက်ရောက်မည့် အစည်းအဝေးကြီးများနှင့် ညီလာခံများကို တတ်နိုင်သမျှ လျှော့ချနိုင်ရေး (သို့မဟုတ်)  ခေတ္တရပ်ဆိုင်းရေး (သို့မဟုတ်)  Tele Conferencing (သို့မဟုတ်) Video Conferencing အသုံးပြုဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ရှိအခြေအနေတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးဉီးစားပေး၍ တင်းကျပ်စွာဖြင့် လုပ်ဆောင်နေခြင်းမှာ ပြည်သူတစ်ဦးတစ်ယောက်မျှ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးနှင့် အသက်ဆုံးရှံးမှု မရှိစေရေးတို့အတွက် ဖြစ်ပါကြောင်း၊ ဤရောဂါ အောင်မြင်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိက အရေးကြီးသော အချက်ဖြစ်သည့် ပြည်သူများကိုယ်တိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း။

 

ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မဟာသင်္ကြန်ကာလအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ကိစ္စရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ လုပ်ဆောင်သင့်သည်များကို ကြိုတင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဤကိစ္စရပ်သည် နိုင်ငံအတွက် အထူးအရေးကြီးသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ် တစ်ရပ်ဖြစ်ကြောင်း၊ ထိုသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် မိမိတို့၏ နေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ရန်၊ သံသယရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် စသည့်အချက်များကို တင်းကျပ်စွာလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်နိုင်ရန် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအတွက် လက်ကမ်းစာစောင်များကို အဆင်သင့်ပြုစုထားမည်ဖြစ်ကြောင်း။

 

ရွှေတိဂုံစေတီတော်ကြီး အပါအဝင် လူအများလာရောက်သည့် စေတီဘုရားများတွင် ရောဂါကူးစက်ဖြစ်ပွားခြင်းမှာ ကာကွယ်နိုင်ရန် Thermal Scanner, Non-Contact Thermometrer များ၊ ဆပ်ပြာနှင့် လက်ဆေးနိုင်သည့်နေရာများ၊ အရက်ပြန်အနည်းဆုံး (၆၀)ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင်ဆေးရည် (Hand Sanitizer) များကို သက်ဆိုင်ရာ စေတီဘုရားဂေါပကအဖွဲ့များမှ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုူဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝယ်ယူထားသည်နှင့် လှူဒါန်းလက်ခံရရှိသည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ်ထားသော ဆေးရုံများနှင့် ရောဂါထိန်းချုပ်ကုသရေးအတွက် အချက်အခြာကျသော ဦးစားပေးနေရာများကို ဖြည့်ဆည်းမှုများသည် အရေးကြီးပါကြောင်း ပြောကြားပြီး မတ် ၁၂ ရက်တွင် ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များမှ ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက် (Daily Update Situation) များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းတွင် COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှုများ ကျဆင်းလာပြီဖြစ်သော်လည်း အခြားသော နိုင်ငံများတွင် ဖြစ်ပွား/သေဆုံးမှုများ မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှု (Local transmission) ဖြစ်ပွားနေသည့် နိုင်ငံများနှင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများကို ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ချက် (Epidemiological Analysis) အချက်အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်းပို့ဆေးရုံများနှင့် အခြားသောဆေးရုံများမှ စောင့်ကြည့်လူနာအခြေအနေများ၊ ဓာတ်ခွဲစစ်ဆေးထားသည့် အခြေအနေများနှင့် အဖြေများ၊ ထူးခြားဖြစ်စဉ်များ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်/ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်/ ထွက်ပေါက်များမှ နေ့စဉ် ဝင်/ထွက်သွားလာနေသည့် အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ တောင်ဉက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတို့ရှိ ဆောက်လုပ်ပြီး အသုံးမပြုရသေးသည့် အဆောက်အဦသစ်များ၌ အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားရှိရန် လိုအပ်သည့် ပြင်ဆင်မွမ်းမံထားရှိမှုများ၊ လိုအပ်နိုင်သည့် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံများနှင့် အခြားသောပစ္စည်းများ အလျင်အမြန်ရရှိနိုင်ရေးအတွက် ထပ်မံဝယ်ယူရန်အတွက် ပြင်ဆင်ထားရှိမှုများ စသည်တို့ကို ဆွေးနွေးကြသည်။ 

 

သတင်းစဉ်