မန္တလေး ၁၇မတ် 

 

မန္တလေးမြို့တွင် မတ်လနှင့် ဧပြီလအတွင်း ဖွင့်လှစ်မည့် အခြေခံပညာအဆင့် Grade-4 နှင့် Grade-7 သင်ရိုးသစ်သင်တန်းများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ခေတ္တရပ်ဆိုင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 

ပညာရေးဝန်ကြီးဌာနမှ လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြောင်းလဲသင်ကြားမည့် အခြေခံပညာအဆင့် Grade-4 , Grade-7 နှင့် Grade-10 သင်ရိုးသစ်သင်တန်းများကို မတ်လနှင့် ဧပြီလအတွင်း၌ တိုင်းဒေသကြီး ပြည်နယ်အဆင့်မှစ၍ ဖွင့်လှစ်ပို့ချရန် မူလက သတ်မှတ်ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် Covid-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ကြေညာချက်အပေါ် လိုက်နာဆောင်ရွက်နိုင်ရန် ၎င်းသင်တန်းများအားလုံးကို ခေတ္တရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။

 

“ကျွန်တော်တို့ မန္တလေးမြို့မှာ မေလ ၂၃ ရက်နေ့ကစပြီး တိုင်းဒေသကြီးအဆင့် ဖွင့်လှစ်မယ့် Grade-4 သင်ရိုးသစ် သင်တန်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွင့်လှစ်မယ့် Grade-7 သင်ရိုးသစ်သင်တန်းတွေကို မူလသတ်မှတ်ရက်တွေမှာ မဖွင့်ဘဲ ခေတ္တရပ်ဆိုင်းဖို့ အခြေခံပညာဦးစီးဌာန(ရုံးချုပ်)က မတ် ၁၆ ရက်နေ့ ရက်စွဲနဲ့ ညွှန်းကြားချက်ထုတ်ပြန်လိုက်ပါတယ်။ သင်တန်းတွေ ပြန်ပြီးဖွင့်လှစ်မယ့်ရက်ကိုလည်း အခြေအနေပေါ်မူတည်ပြီး ထပ်မံအကြောင်းကြားသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

မန္တလေးမြို့တွင် ဖွင့်လှစ်မည့် Grade-4 နှင့် Grade-7 သင်တန်းများအား မူလက Grade-4 သင်တန်းကို မတ်လ ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ ဖွင့်လှစ်ရန် လျာထားခဲ့ပြီး အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်မှ သင်တန်းသား ဆရာ၊ ဆရာမပေါင်း ၂၆၀ ဦးနှင့် နည်းပြ ၂၈ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ Grade-7 သင်တန်းကို ဧပြီ ၂၁ ရက်မှ မေလ ၅ ရက်အထိ ဖွင့်လှစ်ရန် လျာထားခဲ့ပြီး တစ်နိုင်ငံလုံးမှ သင်တန်းသား ဆရာ၊ ဆရာမပေါင်း ၆၀၀၀ နှင့် နည်းပြ ၃၀၀ ဦးတို့ တက်ရောက်ကြမည်ဖြစ်ကာ ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် Grade-10 သင်တန်းကို ဧပြီ ၂၁ ရက်မှ မေလ ၅ ရက်အထိ ဖွင့်လှစ်ရန် မူလလျာထားခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)