နေပြည်တော် ၁၇ မတ်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် (စီးပွားရေးရာဌာနကြီး)၊ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာ့အနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း (၁၁.၃.၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မှ သတ်မှတ်ကြေညာခဲ့ကြောင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မှ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက်ရန်အတွက်လည်း နိုင်ငံတော်သမ္မတရုံးမှ ဌာနဆိုင်ရာများအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်သလို ပြည်သူများထံသို့ ပန်ကြားထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်တွင် အဓိကအချက် (၃) ချက်ပါဝင်ကြောင်း။
ပထမအချက်မှာ COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ပြီး ကျင်းပခြင်းများအပါအဝင်) အား (၁၃.၃.၂၀၂၀)ရက်နေ့မှ (၃၀.၄.၂၀၂၀) ရက်နေ့အထိ ရွှေ့ဆိုင်းထားပြီး မပြုလုပ်ရန် ဖြစ်ကြောင်း၊
ဒုတိယအချက်မှာ ဝန်ထမ်းများအား ပြည်ပရက်တို အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးများကို စေလွှတ်ခွင့်မပြုပါကြောင်းနှင့် ယခင်ခွင့်ပြုချက်ဖြင့် ပြည်ပသို့သွားရောက်လျက်ရှိသည့် ဝန်ထမ်းများ ပြန်လည်ရောက်ရှိလျှင် သံသယလူနာ တွေ့ရှိပါက ပြန်ရောက်သည့်နေ့မှစ၍ ၁၄ ရက်တိတိ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ခံယူနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊
တတိယအချက်မှာ လက်အောက်ဌာနများသို့ သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း။
မိမိတို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အောက်ခြေအဆင့်အထိ လက်လှမ်းမီသော ဌာနဖြစ်သောကြောင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေး ပြည်သူများထံသို့ အသိပညာပေး မျှဝေသွားရန် လိုအပ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိဒေသအတွင်း သံသယလူနာတွေ့ရှိကြောင်း ပြည်သူများမှ သတင်းပို့လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို့အသိပေး ဆောင်ရွက်သွားကြရန်နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများတွင် ရောဂါဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် (Prevention is better than Cure) ဆိုသကဲ့သို့ ကြိုတင်လိုက်နာဆောင်ရွက်ရမည့် အချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်ရာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ပြည်သူများထံသို့ ကျန်းမာရေး အသိပညာများပေးရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီနှင့် နေပြည်တော်ကောင်စီတို့မှ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဒေသများအလိုက် လက်ရှိမြေပြင်အခြေအနေနှင့် ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က Coronavirus Disease 2019 (COVID-19) ဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းလွယ်ကူစွာ အချိန်တိုအတွင်း နားလည်သဘောပေါက် လက်တွေ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအား Animation Video Clip(2minute) စာအား Projector ဖြင့် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက တက်ရောက်လာသူများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် ခရိုင်၊မြို့နယ်များမှတစ်ဆင့် ရပ်/ကျေးအဆင့်အထိ ဖြန့်ဝေပေးနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာအစိုးရအဖွဲ့ အတွင်းရေးမှူးများဖြစ်ကြသည့်အတွက် ယခုအစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းချက်များကို သက်ဆိုင်ရာဝန်ကြီးချုပ်များထံ တင်ပြပေးရန် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအတွင်း (COVID-19)ဆိုင်ရာ နောက်ဆုံးရရှိချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်လိုအပ်ပါကြောင်း၊ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်း အခက်အခဲများ ဒေသတွင်းဆောင်ရွက်၍မရပါက ပြည်ထောင်စုသို့ ဆက်လက်တင်ပြပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးအနေဖြင့် သီးခြားလမ်းညွှန်ချက်များ၊ ပန်ကြားချက်များထုတ်ပြန်ထားပြီး အလေးထားလိုက်နာရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်များအား ဒုတိယဝန်ကြီး ဦးတင်မြင့် ဦးဆောင်၍ ဆက်လက်ကျင်းပရာ လုပ်ငန်းကော်မတီဖွဲ့စည်းမည့် လျာထားချက်အမည် စာရင်းများနှင့် ကာကွယ်ရေးဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


