ရန်ကုန် ၁၇ မတ်
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှ ပြည်တွင်းဖြစ် KSD စွမ်းအင်သစ် မော်တော်ကားများ စတင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစွမ်းအင်သစ် ဘက်ထရီကားများတွင် လူငါးဉီး လိုက်ပါစီးနင်းနိုင်ပြီး မြို့တွင်းသွားလာရန် KSDV1-NE1 နှင့် ခရီးဝေးသွားလာရန် KSDV1-NE2 တို့ကို ခိုင်ခိုင်ဆန်ဒါးအုပ်စုလီမိတက် (KHAINGKHAING SANGDA GROUP LIMITED) မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ဘက်ထရီကားများကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ခိုင်ခိုင်ဆန်ဒါး မော်တော်ကားလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာယူဂျင်ချန်း (Mr.Yujianchen)က “ဒီကားတွေက မြန်မာတရုတ်ချစ်ကြည်ရေးအတွက် တရုတ်အစိုးအရက ကူညီပေးတာပါ။ လျှပ်စစ်ကားတွေ သုံးခြင်းအားဖြင့် လေထုလဲသန့်ရှင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်” ဟု ပြောသည်။
ယင်းကားများတွင် လီသီယမ်ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး ၅ နှစ်အာမခံ ပေးထားကြောင်း သိရသည်။ မြို့တွင်းသွားလာရေးအတွက် ရည်ရွည်ထုတ်လုပ်ထားသည့် NE1 မှာ ဘက်ထရီဓာတ်အားတစ်ခါသွင်းလျှင် ၈ နာရီကြာမြင့်ပြီး ခရီးအကွာအဝေး ၁၈၀-၂၀၀ ကီလိုမီတာ မောင်းနှင်နိုင်ကြောင်း သိရသည်။ တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ပြီး ၂၀၀ စီစီ အရေးပေါ်အားသွင်းမီးစက်ပါဝင်ကြောင်း သိရသည်။ အရောင်အနေဖြင့် အဖြူရောင်တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး ရောင်းချရာတွင် စက်ရုံဈေးအနေဖြင့် ငွေကျပ် ၁၀၃ သိန်းဖြစ်ကြောင်း သိရသည်။
ခရီးဝေးသွားလာရန်အတွက် အဓိကထား ထုတ်လုပ်ထားသည့် NE2 မော်တော်ယာဉ်မှာ ဘက်ထရီတစ်ခါအားသွင်းလျှင် ၅ နာရီကြာမြင့်ပြီး ကီလိုမီတာ ၁၀၀ မောင်းနှင်နိုင်ကာ ဘက်ထရီကို အားသွင်းမီးစက်ဖြင့် အားသွင်း၍ ဆက်လက်မောင်းနှင်နိုင်ကြောင်း သိရသည်။ အမြန်နှုန်းတစ်နာရီ ၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ၇၆၆ စီစီ အရေးပေါ်အားသွင်းမီးစက်ပါဝင်ကြောင်း သိရသည်။ ယာဉ်တစ်စီးလုံး အဖြူရောင်ဖြစ်သော်လည်း ကားရှေ့ပိုင်းသည် အနက်ရောင်ဖြစ်သည်။ ရောင်းချရာတွင် စက်ရုံဈေး ၁၁၆ သိန်းဖြစ်ပြီး ပြင်ပတွင် လက်ရှိ သိန်း ၂၀၀ ကျော်ပေါက်ဈေးရှိကြောင်း သိရသည်။ အဆိုပါမော်တော်ယာဉ်နှစ်မျိုးအား အိမ်သုံးလျှပ်စစ်ဖြင့်ပင် အလွယ်တကူဓာတ်အားဖြည့်သွင်းနိုင်ကြောင်း သိရသည်။
စက်ရုံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံနှံ့မှုကြောင့် ကုန်ကြမ်းရရှိမှု နည်းပါးကာ ယခုအခါ ကားအမျိုးအစား တစ်မျိုးလျှင် ယာဉ်အစီးရေ ၁၀၀ ခန့်သာ ထုတ်လုပ်ထားပြီး နောက်ပိုင်းတွင် တစ်လလျှင် ယာဉ်အစီးရေ ၅၀၀ ခန့်ထုတ်လုပ်ရန် လျာထားကြောင်း သိရသည်။ ထို့ပြင် ဆလွန်းကား သစ်များကိုလည်း ထပ်မံထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


