ရန်ကုန် ၁၇ မတ်
ရန်ကုန်မြို့အနီးဆုံးတွင်ရှိသော ဧက(၄၀၀)ကျယ်ဝန်းသည့် သာကေတ မိချောင်းမွေးမြူရေးစခန်းကို သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ မြခွာညိုလမ်းတွင် ဖွင့်လှစ်ထားရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသော လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အများပြည်သူ အပန်းဖြေနိုင်သည့် အဆင့်မြင့်အပန်းဖြေစခန်းကြီး တစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနိုင်ပါက နိုင်ငံအတွက်ဝင်ငွေတစ်ခု တိုးပွားလာစေမည်ဖြစ်ကြောင်း သိရသည်။
“သာကေတ မိချောင်းမွေးမြူရေးစခန်းကို ပြည်တွင်း၊ ပြည်ပ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေနဲ့ ဌာနပူးပေါင်းပြီး နေပြည်တော် ဆာဖာရီဥယျာဉ်လို ပြုပြင်ဆောင်ရွက်နိုင်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ အနီးဆုံးဆာဖာရီဥယျာဉ်ကြီးတစ်ခု ပေါ်ထွန်းပြီး အများပြည်သူ အပန်းဖြေ အနားယူရာ နေရာတစ်ခုအဖြစ် နိုင်ငံတော်အတွက် ဝင်ငွေတစ်ခုတိုးလာစေမှာပါ။ ပုစွန်တောင်ချောင်းနဲ့ ကပ်လျက်ရှိတာကြောင့် Water Bus နဲ့လာရောက်နိုင်သလို၊ မိချောင်းမွေးမြူရေး သဘာဝကန်ပေါ်မှာ လျှောက်လမ်းခင်းပြီး မိချောင်းတွေရဲ့ သဘာဝကိုလည်း လေ့လာနိုင်မှာပါ။ မိချောင်းတစ်မျိုးတည်းပြသတာ မဟုတ်ဘဲ ထိုင်း၊ စင်ကာပူက ဆာဖာရီဥယျာဉ်လို ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး အဆင့်မြင့်စခန်းတစ်ခုအဖြစ် ပြုပြင်နိုင်မယ်ဆိုရင် မြို့ပြပြည်သူတွေအတွက် ဗဟုသုတနဲ့ အပန်းဖြေရာနေရာတစ်ခု တိုးပွားပြီး တိုင်းဒေသကြီးအတွက်လည်း ဝင်ငွေခွန်တိုးပွားစေမှာပါ”ဟု သာကေတ မိချောင်းမွေးမြူရေးစခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးမင်းလှိုင်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ သာကေတ မိချောင်းမွေးမြူရေးစခန်း၌ တစ်ပေအရွယ်မှ ၁၅ ပေထိ မိချောင်းကောင်ရေ ၅၄၉ ကောင်ရှိပြီး အနှစ် ၄၀ သက်တမ်းရှိသော မိချောင်းများကို မွေးမြူလျက်ရှိရာ တစ်နှစ်မှ သုံးနှစ်အရွယ်ရှိသော တစ်ပေမှ သုံးပေအရှည်ရှိသည့် မိချောင်းများကို ကန်အမှတ်(၁)တွင် လည်းကောင်း၊ သုံးနှစ်မှ ခြောက်နှစ်ရှိ ခြောက်ပေအရှည် မိချောင်းများကို ကန်အမှတ်(၃)တွင် လည်းကောင်း၊ အရွယ်ရောက်ပြီး မိချောင်းကောင်ရေ ၂၀၀ ကျော်ကိုလည်း သဘာဝအတိုင်း ထားရှိပြသလျက်ရှိသည်။ လာရောက်လေ့လာသော ပြည်သူတို့ကို မိချောင်းကျွမ်းကျင်သူမှ မိချောင်းပါးစပ်အတွင်းသို့ ဦးခေါင်းနှင့် ပါးစပ်ထည့်၍ ပြသသောပြကွက်နှင့် မိချောင်းတို့၏ အလေ့အထကိုလည်း ရှင်းလင်းပြသလျက်ရှိသည်။
ယနေ့တွင် မိချောင်းကောင်ရေ ၅၀၀ ကျော် သဘာဝအတိုင်းထားရှိလျက်ရှိပြီး ဌာနအတွက်သာမက နိုင်ငံတော်အတွက် ဝင်ငွေရရှိစေမည့် သာကေတ မိချောင်းမွေးမြူရေးစခန်း၌ ကလေးအားကစားကွင်း၊ အပန်းဖြေရာနေရာ၊ ရေကူးကန်နှင့် ပုစွန်တောင်ချောင်းဘေး တစ်လျှောက် အပန်းဖြေရိပ်သာများ၊ စားသောက်ဆိုင်များ ထားရှိနိုင်သည့်အပြင် ဒီရေရောက်တော ၁၀ ဧကခန့်ရှိသောကြောင့် သဘာဝကျေးငှက်မျိုးစုံကို ပြသခြင်းဖြင့် လာရောက်အပန်းဖြေသူတို့ စိတ်အေးချမ်းသာမှုနှင့် ဗဟုသုတကို ရရှိစေမည်ဖြစ်သည်။
မြန်မာမိချောင်းများ မျိုးဆက်မပြုန်းတီးရေး၊ ပြည်တွင်း ပြည်ပ ဧည့်သည်များ အပန်းဖြေ ဗဟုသုတရရှိရေး၊ မျိုးသုဉ်း ပျောက်ကွယ်လု သားငှက်တိရစ္ဆာန်များ ထိန်းသိန်းခြင်းလုပ်ငန်းအား အများပြည်သူ ပူးပေါင်းပါဝင်လာစေရေး၊ ကျောင်းသား ကျောင်းသူများ အတွေ့အကြုံဗဟုသုတ ရှာမှီးနိုင်လျက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက် ကောင်းများဖြင့် သာကေတ မိချောင်းမွေးမြူရေးစခန်းကို ဆက်လက်ဖွင့်လှစ်ထားရာ ပြည်တွင်းပြည်ပ ခရီးသွားများကို စွဲဆောင်နိုင်သည့် ရန်ကုန်မြို့ အနီးဆုံးနေရာတွင် တည်ရှိသော အပန်းဖြေစခန်းကြီးတစ်ခုအဖြစ် ဖော်ဆောင်နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေတစ်ခု တိုးပွားစေမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး - သန်းထိုက်


