စစ်ကိုင်း ၁၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်များတွင် ဝေဟင်ဘုမိရုပဗေဒ တိုင်းတာရေး ဓါတ်သထ္ထု၊ ရွှေ၊ ကြေးနီနှင့် ဆက်စပ်ပစ္စည်းများကို ရဟတ်ယာဉ်ဖြင့် သြစတြေးလျနိုင်ငံ Wuntho Resources ကုမ္ပဏီမှ ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။
Wuntho Resources Co.,Ltd နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သထ္ထုရှာဖွေရေး ဦးစီးဌာနတို့ပူးပေါင်း၍ ရွှေ၊ ကြေးနီနှင့် ဆက်စပ်သထ္တုများ စမ်းသပ်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘူမိဗေဒနှင့် ဓာတ်သထ္တုဖြစ်ထွန်းမှု အလားအလာကို ရှာဖွေစမ်းသပ်ရာတွင် အချိန်တိုအတွင်း လျင်မြန်ထိရောက်စေသည့် ရဟတ်ယာဉ်ကို အသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ ရဟတ်ယာဉ် ဆင်းသက်ရပ်နားခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဗန်းမောက်မြို့နယ် နန့်အောဒေသ (မပါ) ကျန်ဒေသများအား လုံခြုံရေးအရ ကန့်ကွက်ရန်မရှိကြောင်းနှင့် အတက်အဆင်းပြုလုပ်မှုရှိတိုင်း သတင်းပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မတ် ၂၀ ရက်တွင် သြစတြေးလျနိုင်ငံ Wuntho Resources ကုမ္ပဏီ တောင်အာဖရိက နိုင်ငံသား ပညာရှင် Capt Mr. Michael James Juckes လိုက်ပါ၍ ဝေဟင်ဘူမိရုပဗေဒတိုင်းတာရေး သက်ဆိုင်ရာများနှင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။
ရဟတ်ယာဉ်ပျံသန်းမှု မြေပြင်မှ အမြင့်မီတာ ၆၀ နှင့် ၇၀ ကြား တိုင်းတာရေးပစ္စည်းများ အမြင့်မီတာ ၃၀ နှင့် ၄၀ ကြား ချိတ်ဆွဲတပ်ဆင်ထားမည်ဖြစ်ကြောင်း၊ ပျံသန်းမှုတွင် နန့်အောဒေသမပါ ၇၅၀၄ ကီလိုမီတာဖြစ်၍ ရက်ပေါင်း (၆၀) ခန့် ကြာမြင့်မည့် ဝေဟင်ဘူမိဗေဒတိုင်းတာရေး ဆောင်ရွက်မှုနှင့် လောင်စာဆီဖြည့်နိုင်ရေး ပင်လည်ဘူးမြို့တွင် ပြုလုပ်ရန်စီမံထားရှိကြောင်း ဝန်းသိုမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းထံမှ သိရှိရသည်။
ငွေအိုး (ကသာ)


