ဗန်းမော် ၁၇ မတ်
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အစားအသောက်များကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိကို Mobile Laboratory Van ဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ ဈေးကွက်များတွင် အစားအသောက်နမူနာကောက်ယူ၍ ချက်ချင်းဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို မတ် ၁၇ ရက် မွန်းလွဲ ၃ နာရီက ဗန်းမော်မြို့ ညနေဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mobile Laboratory Van ဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၂ ဒေါ်ခင်ခင်းငြိမ်းနှင့် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်ဟေမာန်ထွန်း ဒု-ကြီးကြပ်ရေးမှူး (အစားအသောက်)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြိုနယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးမောင်မောင်ဌေးတို့က ညနေဈေးအတွင်း ရောင်းချနေသာ ဈေးဆိုင်(၁၂)ဆိုင်ကို ငါးချဉ်၊ ခေါက်ဆွဲ၊ မုန့်ဖတ်စို၊ မြှီးရှည်၊ သရက်ချဉ်၊ ပုဇွန်ခြောက်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ မက်မန်းသီး၊ စပျစ်သီး၊ ပဲနီလေး၊ ငါးမဲလုံးခြောက်၊ မုန့်ညှင်းချဉ်၊ မျှစ်ချဉ်တို့ကို နမူနာကောက်ယူ၍ ချက်ချင်းဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ကြရာ မုန့်ညှင်းချဉ်၌ Salicylic Acid စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါစစ်ဆေးတွေ့ရှိသော ဗန်းမော်မြို့ ညနေဈေးတွင် ဈေးရောင်းချသူ ဦးအိုက်ဦးအား မုန့်ညှင်းချဉ်၌ Salicylic Acid စစ်ဆေးတွေ့ရှိမှုကို ထပ်မံရောင်းချခြင်း မပြုရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
Mobile Laboratory Van ဖြင့် စစ်ဆေးဆောင်ရွက်မှုကို မတ် ၁၈ ရက်တွင် ဗန်းမော်မြို့နယ် စည်ပင်သာယာရေးဈေး အမှတ်(၁)နှင့် (၂)ဈေးတို့ကို လည်းကောင်း၊ မတ် ၁၉ ရက်တွင် ရွှေကူမြို့နယ် စည်ပင်သားရေးဈေးတွင် လည်းကောင်း၊ မတ် ၂ဝ ရက်တွင် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ မြို့သစ်ဈေးတွင် လည်းကောင်း လှည့်လည်ဓာတ်ခွဲ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ (ပြန်/ဆက်)


