ပူတာအို ၁၈ မတ်
ယခုအခါ ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) Covid-19 ရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးမဖြစ်စေရန် ပူတာအိုမြို့၌ ဖွင့်လှစ်မည့် အခမဲ့ နွေရာသီ အားကစားသင်တန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့ ထံမှ သိရသည်။
ကချင်ပြည်နယ် ပူတာအိုမြို့တွင် ကျောင်းသူ ကျောင်းသားများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်ဖွံ့ဖြိုး မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ အားကစားနည်းလေးမျိုးကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းများကို ပူတာအိုခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ယခုလ(၁၆)ရက်မှ (၃၁)ရက် နေ့အထိ ပြေးခုန်ပစ်အားကစားနည်း၊ ကရာတေးအားကစားနည်း၊ Aerobic(Fitness Dance)အား ကစားနည်း၊ ဘောလုံးအားကစားနည်းများကို အခမဲ့သင်ကြားဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းသင်တန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


