မိုးညို ၁၈ မတ်
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများတွင် လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် အဆုတ်ရောင်ရောဂါ (covid-19) နှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ကားမှန်များတွင် ကိုယ်တိုင်ကိုယ်ကျ ကပ်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဗွီဒီယိုခွေအား ကားမထွက်ခွာမီ အချိန်နှင့် ခရီးစဉ်တစ်လျှောက် ကြည့်ရှုနိုင်ရန်၊ ခရီးသွား ပြည်သူများအနေဖြင့် ခရီးသွားရာတွင် ဖျားနာမှုနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရမည်ဆိုလျှင် ခရီးစဉ်အား မလိုက်ပါရန်၊ မဖြစ်မနေ လိုက်ရမည်ဆိုပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လိုအပ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ပြသနိုင်ရေး စသည့် အသိပညာပေး ဗွီဒီယိုခွေနှင့် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများပါဝင်သည့် စတေကာများအား အဝေးပြေးကားများ၏ အတွင်းမှန်များတွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)


