ဒီးမော့ဆို ၁၈ မတ်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးရာသီ၌ သီးနှံစံပြကွက်၊ စမ်းသပ်ကွက်များဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ပြည်နယ် ရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသော ပံ့ပိုးပစ္စည်းများကို မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဝါဝါရွှေက ပံ့ပိုးပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး အကျိုးဆောင် တောင်သူများအား ပံ့ပိုးပစ္စည်းများကို ပေးအပ်ကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
“ဒီနှစ် နွေစပါးစိုက်ပျိုးချိန်တွင် စံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်မည့် တောင်သူတွေကို ပံ့ပိုးပစ္စည်း ပေးအပ်ခြင်းဖြင့် သီးနှံတွေ ပိုပြီးတော့ အောင်မြင်ဖြစ်ထွန်းလာမယ်၊ ဒါတွေကို အခြေခံပြီး အခြားတောင်သူတွေကို ပညာပေးလို့ ရတယ်၊ လေ့လာလို့ ရတယ်၊ စံနမူနာဖြစ်အောင် လုပ်ခိုင်းတယ်၊ စံပြကွက်များ အောင်မြင်ဖြစ်ထွန်းအောင် လုပ်နိုင်တဲ့ တောင်သူတွေကို ပြည်နယ်ရန်ပုံငွေမှ လိုအပ်သော ပံ့ပိုးပစ္စည်းတွေကို မြို့နယ်အလိုက်ခွဲဝေပြီး ယခုလို ပေးအပ်တာဖြစ်တယ်” ဟု ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဝါဝါရွှေက ပြောကြားသည်။
ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအုပ်စု ၉ အုပ်စုမှ နွေစပါးစိုက်ပျိုးချိန် သီးနှံစံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်မည့် အကျိုးဆောင် တောင်သူ (၁၇၃) ဦး၊ လယ်မြေ ၃၂၀ ဒသမ ၇၈ ဧကအတွက် ကွန်ပေါင်းအိတ် ၃၂၀၊ ယူရီးယားအိတ် ၃၂၀၊ ပိုတက်အိတ် ၁၆၀၊ ပိုးသတ်ဆေး(၂၅၀)ဂရမ် အထုပ် ၃၂၀၊ မြေအောင်း ပိုးသတ်ဆေး တစ်ကီလိုဂရမ်ထုပ် ၁၆၀ဝ နှင့် မှိုသတ်ဆေး ၁၀ဝ ဂရမ် အိတ် ၃၂၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


