ဘားအံ  ၁၇   မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) လက်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးကြြပီး မြို့ပေါ်လူစည်ကားရာ နေရာ (၅)ခုတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးကာ ပိုစတာများကို ကပ်ထားပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မိုးအေး ဦးဆောင်ကာ ဘားအံမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များနှင့် အသိပညာပေး လက်ကမ်းစာစောင် ၂၀၀၀၀ ဖြန့်ဝေပေးကာ ပိုစတာ ၄၀၀ ကပ်ထားပေးနိုင်ရေး၊ လူအရောက်အပေါက်များသည့် နေရာများတွင် လက်ဆေးနိုင်ရန် ဆောင်ရွက်ပေးထားပြီး အသိပညာပေးနိုင်ရေး၊ ဌာနဆိုင်ရာရုံးများ၊ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်ပေးနိုင်ရေး၊ အသံချဲ့စက်ဖြင့် အသိပညာပေးနိုင်ရေး စသည်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ဘားအံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မိုးအေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း  များသည်  ဘားအံမြိုပေါ်ရှိ လူစည်ကားသည့် နေရာ(၅)နေရာဖြစ်သော အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံး၊ ရွှေယဉ်မျှော် ဘုရား၊ ဘုရားကြီးဝင်း၊ ရေပေါ်ဈေးနှင့်ကားကြီးဝင်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လက်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်မျာအား ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို လူစည်ကားရာ နေရာများတွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)