တနင်္သာရီ ၁၈ မတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီးအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက် နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ယခုကဲ့သို့သံခွံလှေ (၂)စီး ရရှိသဖြင့် ဝမ်းသာကျေးဇူးတင်ရှိကြောင်း၊ မိမိအနေဖြင့် ဆပ်ကော်မတီဖွဲ့စည်း၍ တာဝန်ပေးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သံခွံစက်လှေ(၂)စီး လွှဲပြောင်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မေခလာ(၁)/ မေမခလာ(၂)အမည်ရှိ သံခွံစက်လှေ(၂)စီးနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထူးထက်ရှိန်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးတင်ရှိန်မှ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံ လွှဲပြောင်းအပ်ပြီး ချောင်းငယ်ရပ်ကွက်-မွန်စုရပ်ရေဆိပ်တွင် မေခလာ(၁)/ မေခလာ(၂)အမည်ရှိ သံခွံစက်လှေနှစ်စီးအား သွားရောက်ကြည့်ရှုစစ်ဆေး၍ မှတ်တမ်းဓာတ်ပုံရိုက်ကြကြောင်း သိရှိရသည်။

 

အဆိုပါ သံခွံစက်လှေသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လှေတစ်စီးလျှင် ကျပ်သိန်း(၃၀၀)ဖြင့် နှစ်စီးအတွက် သိန်း(၆၀၀)ကျပ်ဖြင့် ထူးထက်ရှိန်ကုမ္ပဏီအား တင်ဒါစနစ်ဖြင့် တာဝန်ယူစေ၍ အလျား(၅၂)ပေ၊ အကျယ်(၈ ဒသမ ၅)ပေ၊ ဇောက်(အနက်) (၄)ပေရှိ Hino HO-7C အင်ဂျင်စက်တပ် သံခွံလှေ(နှစ်)စီးဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)