နေပြည်တော် ၁၈ မတ်

 

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းများ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရသည်။

 

 

COVID – 19 ကြောင့် တရုတ်နိုင်ငံအတွင်း ပြည်နယ် တစ်ခုနှင့်တစ်ခု၊ မြို့တစ်မြို့နှင့် တစ်မြို့ ကူးလူးဆက်ဆံမှုများကို ပိတ်ဆို့ဖြတ်တောက်လိုက်သဖြင့် ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသော မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတို့တွင်လည်း ကုန်သွယ်မှုလုပ်ငန်းများ ထိခိုက်လာခဲ့သည်။

 

 

နှစ်စဉ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ကုန်သွယ်မှုလျော့နည်းလေ့ ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှု ဖြစ်ပွားမှုနှင့် ဆက်စပ်သွားသဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ဆက်လက်ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ကုန်သွယ်မှုလျော့နည်းလေ့ရှိသော တရုတ်နှစ်သစ်ကူးကာလ  ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် CMP ကုန်ကြမ်း တင်သွင်းမှုမှာ တစ်နေ့လျှင် ကားစီးရေ ၄၀ မှ ၅၀ ခန့်အထိရှိပြီး ဇန်နဝါရီ ၂၇ ရက် နောက်ပိုင်းတွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင် ကားတစ်စီးမှ သုံးစီးသာရှိခဲ့ပြီး အချို့ရက်များတွင် တင်သွင်းမှု လုံးဝမရှိသည်အထိ ဖြစ်ခဲ့ရကြောင်း။

 

 

ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု မရှိသော ပြည်နယ်များမှ ကုန်တင်ယာဉ်ကြီးများ တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ရွှေလီနှင့် ကျယ်ဂေါင်မြို့တို့သို့ ဝင်ရောက်ခွင့်ရလာသည့်အချိန်မှစ၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းတင်သွင်းမှုတွင် တစ်နေ့လျှင် ကား ၅ စီးမှ ၇ စီးအထိ စတင်တင်သွင်းနိုင်ခဲ့ကြောင်း၊  မတ်လဆန်းမှ စတင်၍  တင်သွင်းမှုများ အရှိန်ရလာကာ မတ် ၁၀ ရက်မှစ၍ တစ်ရက်လျှင် စီးရေ ၃၀ ခန့်တင်သွင်းခဲ့ပြီး မတ် ၁၁ ရက်မှ ၁၇ ရက် အထိ စီးရေ ၇၀ ခန့် မြင့်တင်လာခဲ့ကြောင်း၊ ကုန်ကြမ်းတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းမှ ၂ ဒသမ ၉၃ သန်းအထိ တိုးမြင့်လာခဲ့ပြီး CMP ကုန်ကြမ်းတင်သွင်းမှုမှာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်ကာလများထက် ယခု မတ်လတွင် ပိုမိုတင်သွင်းမှု များပြားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

သတင်းစဉ်