နေပြည်တော် ၁၈ မတ်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) စာစစ်ဌာန၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စာစစ်ဌာနအတွင်း ဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေးဆေးပေးခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စနစ်တကျစည်းကမ်းရှိစွာနှင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ မသမာမှုကင်း၍ လုံခြုံမှုရှိစေရေးတို့ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စာဖြေခန်းများတွင် တစ်ခန်းလျှင် စာဖြေသူ ၃၀ နှုန်း၊ တစ်ဦးလျှင် ၂၄ စတုရန်းပေနှင့် လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာဖြေသူများတွင် ကိုယ်အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းများရှိပါက ကျန်းမာရေးဆေးခန်းနှင့် ဆေးရုံသို့ သတင်းပေးပို့၍ ကုသမှုခံယူနိုင်အောင် ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း။

 

စာမေးပွဲခန်းများ၌ လက်ဆေးရန်ဆပ်ပြာများနှင့် Hand Gel များကို အလုံအလောက်ထားရှိ၍ စနစ်တကျအသုံးပြုရေးကို ကြီးကြပ်ပေးရန်လိုအပ်ပါကြောင်း၊ စာမေးပွဲခန်းစောင့် ဆရာဆရာမများဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရပါက စာမေးပွဲခန်း မစောင့်စေဘဲ သက်ဆိုင်ရာကျန်းမာရေး ဆေးခန်း၊ ဆေးရုံသို့ သတင်းပေးပို့၍ ကုသမှုခံယူရန် လိုအပ်ပါကြောင်း၊ လိုအပ်ပါက သီးခြားနေရာသတ်မှတ်၍ စာမေးပွဲဖြေဆိုနိုင်အောင် စီစဉ်ထားရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရေဂါ ကြိုတင်ကာကွယ်ရေး အချက်များကို လိုက်နာကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိဘပြည်သူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရွှေဒါး) စာစစ်ဌာန၊ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)နှင့် အခြေခံပညာအထက်တန်းကျောင်း (MRTV) စာစစ်ဌာနများ၌ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

 

သတင်းစဉ်

 

123403082