နေပြည်တော် ၁၈ မတ်
လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေချိန်တွင် လက်တွေ့ဆောင်ရွက်နေရသော နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများသည် မြေယာစီမံခန့်ခွဲမှု အခြေခံသဘော တရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်ခြင်းနှင့် ပြည်သူများ လက်တွေ့ကြုံတွေ့နေရသည့် မြေယာပြဿနာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းသည် နိုင်ငံတော်ကို အမှန်အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။
အများပြည်သူ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြေယာစီမံခန့်ခွဲမှုသည် အလွန်ကျယ်ပြန့်၍ စိန်ခေါ်မှုများစွာရှိသဖြင့် အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မြေယာသယံဇာတများကို မှန်ကန်စွာ စီမံဆောင်ရွက်သွားနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အောင်မြင်သော မြေယာစီမံခန့်ခွဲမှုတစ်ရပ် ရရှိနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့၏ ကျွမ်းကျင်မှုမြင့်မားလာရန် စဉ်ဆက်မပြတ်လေ့လာခြင်း၊ လက်ဆင့်ကမ်းမျှဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်တွေ့အသုံးချ အခြေခံသဘောတရားများ ပါဝင်သည့် မြေယာစီမံခန့်ခွဲမှု အကျိုးပြုစာအုပ်ကောင်း ထွက်ပေါ်လာခြင်းကို ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် စာအုပ်ရေးသားသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုး (ဦးမိုဃ်း(လယ်ဝန်))က လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ စာအုပ်ဖြစ်ပေါ်လာ ပုံနှင့် မြေယာခန့်ခွဲမှုများတွင် လက်တွေ့အသုံးချနိုင်မှုတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးလှကျော်က ဂုဏ်ပြုစကားပြောကြားသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် မြေယာစီမံခန့်ခွဲမှုဆိုင်ရာများကို နှစ်ပေါင်းများစွာ အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့သည့်နည်းတူ လက်ရှိတွင် မြေယာပြဿနာများ ဖြေရှင်းဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလျက် ရှိသဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုးက ၎င်း၏ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် နည်းပညာရပ်ဆိုင်ရာ ဗဟုသုတများကို ပေါင်းစပ်၍ ရေးသားပြုစုထားသည့် “လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများ” စာအုပ်ကို မဲခေါင်ဒေသ မြေယာအုပ်ချုပ်မှုစီမံကိန်းနှင့် အခြားနိုင်ငံတကာမိတ်ဘက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး နိုင်ငံ၏ မြေယာခန့်ခွဲမှုများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


