ကျိုက်မရော   ၁၉    မတ် 

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာများ၊  နေရပ်ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဟင်္သာခန်းမတွင် ပြုလုပ်ခဲ့သည်။

 

710

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အမှာစကားပြောကြားပြီး ကျိုက်မရောမြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရမှု အခြေအနေများ၊မိမိမြို့နယ်ဒေသအတွင်းကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ ရောဂါနှင့် ပတ်သက်သည့် သတင်းအတု၊ သတင်းအမှန်များကိုခွဲခြားသိရှိနိုင်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေသော သတင်းများကိုသာ လိုက်နာဆောင်ရွက်ရန်နှင့် ကျိုက်မရောမြို့နယ်အတွင်း အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင် သူများသဖြင့် COVID-19ဖြစ်ပွားသောဒေသမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ကျိုက်မရောပြည်သူ့ဆေးရုံတွင် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မိမိကျေးရွာတွင် ပြန်လာမည့် နေရပ်ပြန်သူများရှိပါက အချိန်မီ သတင်းပေးပို့ကြရန်၊ နေရပ်ပြန်သူများနှင့် အတူနေ မိသားစုဝင်များ လိုက်နာရန်အချက်များကို အသိပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာမြို့နယ် ဆရာဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)