ကြို့ပင်ကောက် ၁၉ မတ်
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပန်းတင်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ကာကွယ်ဆေး လွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကောက်ယူခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်တမ်းကောက်ယူခြင်းသည် အသက်(၁)နှစ်မှ (၃) နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ကာကွယ်ဆေးလွှမ်းခြုံမှု အခြေအနေ၊ ၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့သော ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း၏ လွှမ်းခြုံမှုအခြေအနေတို့ကို ဆန်းစစ်နိုင်ရန်အတွက် ကောက်ယူရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးမထိုးနှံရသေးသော မိခင်နှင့်ကလေးများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားနိုင်ရန်အတွက် ယခုလို စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်း စစ်တမ်းကောက်ယူရေး တာဝန်ခံက ပြောသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ပန်းတင်ရပ်ကွက်တစ်ခုအတွင်းမှ အိမ်ခြေ ၇၇ အိမ်တွင် မတ် ၁၉ ရက်မှ ၂၁ ရက်နေ့အထိ စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


