ရန်ကုန် ၁၉ မတ်
ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) ဂိတ်များတွင် COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြဝတီခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးထံမှ သိရသည်။
“တံတား အမှတ်(၁) နဲ့ (၂)မှာ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ခရိုင်နဲ့ မြို့နယ်က တာဝန်ရှိသူတွေရယ်၊ ဒေသခံတွေရယ်၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေရယ် ပေါင်းပြီး မတ်လ ၅ ရက်နေ့ကတည်းက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ မျှဝေပေးဖို့ Group ကလေးတစ်ခုဖွဲ့ထားတယ်။ အခုအချိန်ထိတော့ ရောဂါသံသယဖြစ်သူ တစ်ယောက်မှ ဝင်လာတာ မတွေ့သေးပါဘူး” ဟု ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြဝတီခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်တမ်းများရယူခြင်း၊ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်းကောင်း၊ ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် မြန်မာနိုင်ငံကြက် ခြေနီအသင်း၊ မြဝတီခရိုင် ကြက်ခြေနီတပ်ဖွဲ့က လည်းကောင်း ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။
“အခုကာလဆိုရင် သင်္ကြန်လည်းနီးပြီဆိုတော့ မြန်မာနိုင်ငံထဲကို ပြန်ဝင်တဲ့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းဘက်က ဝင်လာတဲ့ နိုင်ငံခြားသားတွေရော အားလုံးကို သေသေချာချာ စစ်ဆေးပါတယ်။ တံတားအမှတ်(၁)မှာ ဒီနေ့ မတ်လ ၁၉ ရက်နေ့အထိ ၆၀၀၀ နီးပါးလောက်ရှိမယ် ထင်ပါတယ်။ တံတား အမွတ်(၂)ကတော့ ကုန်စည်ကူးသန်းတဲ့ တံတားဖြစ်တော့ တစ်နေ့ကို ၃၀၀ နီးပါးလောက် စစ်ပေးရပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြဝတီမြို့ နယ်စပ်ဂိတ်များနှင့် စျေးများ၊ ကားဂိတ်များ၊ ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာ နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပိုစတာများ၊ စတေကာများ ကပ်ခြင်းနှင့် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
သတင်း-သီသီမင်း/ဓာတ်ပုံ-အောင်နိုင်(မြ၀တီ)


