မတ် ၁၉

 

ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်လယ်ပိုင်းတွင် ထပ်မံလေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ကာလတိုလေ့ကျင့်ခဲ့ပြီး မေနောက်ဆုံးပတ် သို့မဟုတ် ဇွန်လဆန်းတွင် ထပ်မံလေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်နှင့် ဇွန်လတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း လေ့ကျင့်မှုမပြတ်စေရန် နည်းပြချုပ် အန်တွမ်နီဟေးအနေဖြင့် ကာလတို လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၂ ရက်မှ ၁၇ ရက်အထိ ကစားသမား ၂၃ ဦး ရွေးချယ်ကာ ကာလတို လေ့ကျင့်ပြင်ဆင်ခဲ့ပြီး MNL နိုင်ငံခြားသားများအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ရာ လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယအကြိမ် လေ့ကျင့်ရာတွင်လည်း ကာလတိုသာ လေ့ကျင့်မည်ဖြစ်ပြီး MNL ကလပ်အသင်းများ၏ အမှတ်ပေးပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲအပေါ် မူတည်၍ လေ့ကျင့်မည့်ရက် သတ်မှတ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ကိုင်တွယ်နေပြီး လက်ထောက်နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးအောင်ကျော်မိုး၊ ဂိုးနည်းပြအဖြစ် ဦးစိုင်းမောင်မောင်ဦးတို့က တာဝန်ယူဆောင်ရွက်နေသည်။

 

ပွဲစဉ်ရွှေ့ဆိုင်းမှုများကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် နှစ်ကုန်ပိုင်းမှသာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရတော့မည်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာတွင် ရွှေ့ဆိုင်းထားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ ကစားရဖွယ်ရှိနေသည်။ ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုမူ နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်