နေပြည်တော် ၁၉ မတ်
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမိန့်ကြေညာစာ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် တိကျစွာလိုက်နာရန် အမိန့်ကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်း။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ နေပြည်တော်အဆင့် ဌာနအဖွဲ့အစည်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် တွေ့ဆုံပွဲများ၊ အခမ်းအနားများ၊ ဟောပြောပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများအား ထုတ်ပြန်သည့်နေ့မှ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခြင်းမပြုရန်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊အခမ်းအနားများ၊ ဘာသာရေး/လူမှုရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ ကျင်းပမည့်ရက်အား ရွှေ့ဆိုင်းသွားရန်၊ ရုပ်ရှင်ရုံများအား ဖွင့်လှစ်ပြသခြင်း မပြုလုပ်ရန်၊ အရောင်းမြှင့်တင်ရေးပွဲများ မပြုလုပ်ရန်၊ အများပြည်သူအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်၊ ဘာသာရေး နှင့်ဆက်နွှယ်သော လူမှုရေးဆိုင်ရာ အခမ်းအနားများ၊ အခြားဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် ပွဲလမ်းသဘင်များ၊ မြန်မာနိုင်ငံ သဘင်အစည်း အရုံးအဆင့်ဆင့်မှ ကျင်းပဖျော်ဖြေပွဲအား ရက်ရွှေ့ဆိုင်းသွားရန်၊ ပုံမှန်/အပတ်စဉ်ဆောင်ရွက်လျက်ရှိသော ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို မဖြစ်မနေ ဆောင်ရွက်ရန်လိုပါက လူဦးရေအနည်းဆုံးဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်သွားရန်။
တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကဘော်ဒါဆောင်များ ဖွင့်လှစ်ခြင်းအား ခေတ္တရပ်ဆိုင်းထားရန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်။
အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် မမှန်သတင်း၊ ကောလာဟလများကို ဖန်တီးဖြန့်ဝေခြင်းမပြုရန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပြည်သူများအနေဖြင့် လတ်တလော Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေး၊ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်။
မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို့ အသိပေးဆောင်ရွက်သွားကြရန်နှင့် အများပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်လုပ်ဆောင်ရန် စသည်ဖြင့် ဖော်ပြပါရှိသည်။
ကေတာ


