နေပြည်တော် ၁၉ မတ်

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ကာ ဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းများတွင် ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း၊ ကူးစက်မှုနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည်တို့ကို ကျန်းမာရေး အသိပညာပေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျွန်တော်တို့ ဝန်ကြီးဌာနမှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေ အလွယ်တကူ လက်ဆေးနိုင်ဖို့ လိုအပ်တဲ့အထောက်အကူပစ္စည်းတွေကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ ပန်ကြားချက်နဲ့အညီ အခုကျွန်တော်တို့ရဲ့ အိမ်တွင်းမှုကျောင်းနဲ့ လူငယ်သင်တန်းကျောင်းတွေမှာ အရည်အချင်းစစ် စာမေးပွဲတွေပြီးလို့ ပိတ်ထားပါတယ်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

 

ကျွန်တော်တို့ ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးတွေက နယ်စပ်ဒေသ အနှံ့အပြားက ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ နေရပ်ပြန်ရောက်တဲ့အချိန် COVID-19 ရောဂါဆိုင်ရာ အသိအမြင်တွေ ပြန်လည်ဖြန့်ဝေသွားဖို့အတွက်လည်း စီစဉ်ပေးထားပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေနဲ့အညီ ကျွန်တော်တို့ ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ၎င်းက ပြောကြားသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များနှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးများ၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်တစ်ခု၊ ဒီဂရီကောလိပ်ကျောင်း ကျောင်း၊ လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်း တစ်ကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် သင်တန်းသားများကို ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းနှင့် ဆွေးနွေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကြည်