ရန်ကုန် ၁၉ မတ်
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ (၇)ဆုရှင် ဦးညွန့်ဝင်းမှ ၎င်းရေးသားသည့် “ယုံကြည်အောင်ဖန်ဆင်း” စာအုပ်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး စာအုပ်ထုတ်ဝေသူနှင့် ဥပဒေပညာရှင် ဦးအောင်စိုးဦးက စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဦးညွန့်ဝင်းက စာအုပ်များကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက၊ ဒါရိုက်တာ ဦးအောင်မြင့်မြတ်က လက်ခံရယူပြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်မှ အကယ်ဒမီ ဦးညွန့်ဝင်းအား ဂုဏ်ပြုလက်ဆောင်နှင့် ပန်းစည်းပေးအပ်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
စာအုပ်များ လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က “ဒီစာအုပ်နဲ့ပတ်သက်လို့ကတော့ ဦးညွန့်ဝင်းက ဗြိတိသျှသံရုံးက ငှားလာတဲ့ စာအုပ်ကို သဘောကျပြီးတော့ တစ်ခေါက်ဖတ်ရုံနဲ့မပြီးဘူး၊ နောက်ထပ်တစ်ခါ (၁၅)ရက်လောက်ထပ်ငှား ဖတ်ပြီးတော့ စာအုပ်တစ်အုပ်လုံးကို အသံသွင်းထားတယ်၊ သူမိတ်ကပ်လိမ်းတိုင်း အဲဒီသွင်းထားတဲ့ အသံကို နားထောင်တယ်၊ အဲ့ဒီစာအုပ်ကို ဘာသာပြန်တယ်၊ ရိုးရိုးစာရေးဆရာတစ်ယောက်က ဘာသာပြန်တာနဲ့မတူဘူး၊ သူကလက်တွေ့ကျင့်သုံးခဲ့တာ၊ သူ့ဘဝတစ်လျှောက်လုံး လက်တွေ့ကြုံတွေ့ခဲ့တာတွေနဲ့ ပေါင်းစပ်ရေးထားတာပါ” ဟုပြောသည်။
စာအုပ်ထုတ်ဝေသူနှင့် ဥပဒေပညာရှင် ဦးအောင်စိုးဦးကလည်း “ဒီစာအုပ်က အစ်ကိုကြီးဦးညွန့်ဝင်းက မြန်မာ့ရုပ်ရှင်နှစ် (၁၀ဝ)ပြည့်နဲ့ သူ့ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီစာအုပ်ကို ထုတ်ဝေတာဖြစ်ပါတယ်၊ လောလောဆယ် အုပ်ရေ (၁၀ဝ၀)လောက် ထုတ်ဝေမှာဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အုပ်ရေ (၅၀ဝ) လှူမှာဖြစ်ပါတယ်၊ ကျန်တဲ့(၅၀ဝ)ကိုတော့ သူ့မိသားစုက တခြားနေရာများကို လှူမှာဖြစ်ပါတယ်၊ မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မူပိုင်ခွင့်ရရှိမှာ ဖြစ်ပြီးတော့ သူ့မိသားစုကလည်း မူပိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထပ်ထုတ်ချင်ရင်လည်း ထုတ်နိုင်ပါတယ်၊ သူ့မိသားစုအနေနဲ့လည်း ထပ်ထုတ်နိုင်မှာဖြစ်ပါတယ်” ဟုပြောသည်။
အကယ်ဒမီ ဦးညွန့်ဝင်း လှူဒါန်းသော “ယုံကြည်အောင် ဖန်ဆင်း” စာအုပ်တွင် သရုပ်ဆောင်တစ်ဦးဆိုတာ သြကာသလောကကြီး စကြဝဠာတစ်ခုလုံးက အနုပညာရှင်တို့၏ လက်ဖဝါးထဲတွင် ဖန်ဆင်းထားနိုင်ရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဟာ ကိုယ်ပြောရမယ့်စကား၊ ကိုယ့်စိတ်ဆန္ဒ၊ ကိုယ့်ပရိသတ်ဆိုတဲ့ အဆင့်သုံးဆင့်ကို ပိုင်ဆိုင်နိုင်ရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင်ဆိုတာ ကဘေကမ္ဘာ အချိန်ကတည်းကရှိနေပြီး နောင်လည်း ဆက်ရှိနေဦးမှာဖြစ်ကြောင်း၊ အနုပညာရှင်ဆိုတာ ပရိသတ်ရဲ့ ဝန်ထမ်းတွေ၊ အစေခံတွေဖြစ်ကြောင်း၊ Actor တစ်ယောက်ကို ပြောင်နေအောင် တိုက်ချွတ်လိုက်ပါ၊ ပြောင်လာတာနဲ့ နောက် Actor တစ်ယောက် ပေါ်လာမည်ဖြစ်ကြောင်းစသည်ဖြင့် သရုပ်ဆောင်တို့၏ ဘဝကို ပုံဖော်ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။
ခင်သူဇာပို (FDC)


