မိတ္ထီလာ ၁၉ မတ်

 

မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် သဘာဝသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) အား ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စိုက်ပျိုး အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

ဇောင်ချမ်းကုန်းကျေးရွာ တောင်သူဦးဝင်းရဲ့ စိုက်ပျိုးမြေတွေမှာ အသုံးပြုဖို့အတွက် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို မြို့နယ်အတွင်း ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စိုက်ပျိုး အသုံးပြုတာဖြစ်ပါတယ်။ သဘာဝသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ၁ဝ ဧကကို စမ်းသပ်စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းတာမို့ တခြား တောင်သူတွေကိုလည်း စိုက်ပျိုးအသုံးချဖို့ တိုက်တွန်းပြီး ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပိုက်ဆံလျှော်မျိုးစေ့ တစ်ပြည်ကို လေးထောင်ကျပ်သာရှိပြီး တစ်ဧက စိုက်မယ်ဆို မျိုးစေ့ ၄ ပြည်ပဲလိုပါတယ်။ တစ်ဧကစိုက်ပျိုးရင်  သဘာဝသစ်စိမ်း မြေသြဇာ ၅ တန်ကျော်ထွက်ရှိမှာ ဖြစ်ပါတယ်။ ကျွဲချေး၊ နွားချေး သဘာဝဓာတ်မြေဇာ ရရှိဖို့လည်း ရှားပါးလာတာကြောင့် ဒီသဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို အစားထိုးစိုက်ပျိုးအသုံးချဖို့ လိုအပ်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောသည်။

 

သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုး အသုံးချမည့် ဒေသခံတောင်သူ ဦးဝင်းကလည်း ၎င်းအနေဖြင့် ပထမဆုံး စမ်းသပ်စိုက်ပျိုးရခြင်းကြောင်းကို ရှင်းပြသည်။

 

ကျွန်တော့်လယ်ယာမြေတွေမှာ ဘယ်သီးနှံပဲစိုက်စိုက် စိုက်ပျိုးရေးဦးစီးဌာနရဲ့ ကူညီပံ့ပိုးမှု အကြံပေးမှုတွေအတိုင်း စိုက်ပျိုးခဲ့တာ အောင်မြင်ဖြစ်ထွန်းခဲ့တာချည်းပါပဲ။ အခု သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို စမ်းသပ်စိုက်ပျိုးအသုံးချဖို့ကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီတာမို့ စိုက်ပျိုးဖြစ်တာပါ။ ကုန်ကျစရိတ်လည်းသက်သာပြီး မြေဆီမြေနှစ်လည်း ပိုမိုကောင်းမွန်လာနိုင်တာမို့ လာမယ့်မိုးစပါးစိုက်ပျိုးချိန်မှာ တစ်ဧက ပုံမှန် တင်း ၇၀ ကနေ ၈ဝ ထွက်ရာကနေ တစ်ဧက တင်းတစ်ရာနီးပါးနဲ့ တင်းတစ်ရာကျော်ခန့် ထွက်မယ်လို့ ယုံကြည်ပါတယ်ဟု ၎င်းကပြောသည်။

 

အဆိုပါ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မှာ စိုက်ပျိုးသည့်အပင်ထိ အနဲလိုအာဟာရဓါတ်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ စိုက်ပျိုးသည့်သီးနှံပင်က အလွယ်တကူစားသုံးနိုင်ခြင်း၊ ရေအစိုဓါတ်ကို ကြာရှည်စွာထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာ၏ ဂုဏ်သတ္တိကောင်းမွန်ရန် ပြောင်းလဲပေးနိုင်ခြင်း၊ ဓာတုဆေးလွှတ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ မြေသြဇာ အသုံးစရိတ်အတွက် ကုန်ကျငွေသက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၏ ရှင်းလင်းပြောကြားမှုအရ သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)