ရန်ကုန် ၁၉ မတ်
စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် သဘင်အကျော်အမော်များ ပါဝင်သည့် “COVID-19 အသိပညာပေး ဆွေးနွေးပွဲ”ကို MRTV မှ ထုတ်လွှင့်နိုင်ရန် ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို၌ ရိုက်ကူးသည်။
ထိုသို့ ရိုက်ကူးရေးဆောင်ရွက်စဉ် မိမိကိုယ်ကို မကူးစက်အောင် ကာကွယ်နည်း၊ မိမိမှတစ်ဆင့် မကူးစက်အောင် နေထိုင်နည်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ စာရေးဆရာ အလင်္ကာရည်ကျော်၊ တေးသံရှင် ဖြူဖြူကျော်သိန်း၊ ဖိုးချစ် (မြန်မာ့သဘင်) တို့က လည်းကောင်း၊ ကူးစက်လွယ်သောသူများအား ကာကွယ်ပေးခြင်း၊ ကူးစက်လွယ်သော နေရာများကို ဖော်ပြ၍ ရှောင်ရှားရန် အချက်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ ရုပ်ရှင် ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ တေးသံရှင် တင်ဇာမော်၊ စာရေးဆရာ မိုးနီလွင်တို့ကလည်းကောင်း၊ မှန်ကန်သော သတင်းအချက်အလက်ပေးရန် အနုပညာရှင်များ၏ တာဝန်များ၊ သတင်းအမှားဖြင့် အထိတ်တလန့် ဖြစ်စေမှုများ ရှောင်ရှားရန် သတိပေးခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ စာရေးဆရာမ ဂျူး၊ တေးသံရှင် ဖြိုးပြည့်စုံ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့က လည်းကောင်း သီးခြားစီ ဆွေးနွေးကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ အစီအစဉ်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ရုံပိုင်ရှင်များ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် သဘင်တို့မှ အနုပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေး ဆွေးနွေးပွဲများကို MRTV ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ လည်းကောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း မကြာမီ ထုတ်လွှင့်ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
TT


