မင်းဘူး ၁၉ မတ်
မန်းရွှေစက်တော်မှ ဗုဒ္ဓဘုရားရှင်၏ ရွှေသားစက်လက္ခဏာ ၁၀၈ ကွက်အား မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ္ဍာတိုက်၌ မတ် ၁၈ ရက်က အပ်နှံသိမ်းဆည်းထား ခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ဘုရားပွဲတော်ကို မတ် ၁၃ ရက်က ပိတ်သိမ်းလိုက်ပြီး နောက် ၁၅ ပဲရည်ရွှေသား ၂ ပိဿာ ၈ ကျပ်သား ၅ ပဲ ၁၀ ရွေးတစ်ခြမ်း အလေးချိန်ရှိ အောက်စက်တော်ရာ ပါဒခြေတော်ရာကို ထိန်းသိမ်းစောင့်ရှောက်လိုက်ခြင်း ဖြစ်သည်။
‘‘ရွှေပြားပါဒစက်လက္ခဏာတွေကို ပုံစံခုံပေါ်မှာ နံပတ် စဉ်အလိုက် ဘုတ်ချောင်းတွေနဲ့ စုပ်ထားတာပါ။ ပွဲတော် ပိတ်ပြီဆိုတော့ ပြန်ဖြုတ်ပြီး ဘဏ်မှာ နှစ်စဉ်နှစ်တိုင်း သိမ်းဆည်းရပါတယ်။ ဂွမ်းထုပ်တွေနဲ့ သေချာထည့်ပြီး သေတ္တာထဲထည့်တယ်။ ချိပ်ပိတ်တယ်။ ပြီးရင် ဘဏ်အပ်ပါ တယ်”ဟု ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။
စကုမီးသတ်တပ်ဖွဲ့နှင့် ဂေါပကအဖွဲ့တို့က သြဝါဒ ဆရာတော်ကြီးများ ရှေ့မှောက်တွင် ဖြုတ်သိမ်းကာ မင်းဘူး မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ္ဍာတိုက်၌ သွားရောက် အပ်နှံခဲ့ကြပြီး ရွှေပြားများဖြုတ်ပြီးနောက် အောက်ခံ ခုံတော်ကို ပါဒရက္ခိတအခန်း၌ သိမ်းဆည်းထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ကျင်းပသည့် ဘုရားပွဲတော်မတိုင်မီ တစ်ရက် အလိုတွင် စက်လက္ခဏာများကို ဘဏ်မှထုတ်ယူကာ ခြေတော်ရာခုံတွင် နံပတ်စဉ်အလိုက် တပ်ဆင်ရကြောင်း၊ နတ်မင်းကြီးလေးပါးမှထမ်းကာ အခမ်းအနားဖြင့် အောက် စက်တော်ရာအဆောင်သို့ ပို့ဆောင်ပူဇော်ရကြောင်း သိရ သည်။
၁၉၇၆ ခုနှစ်က ရွှေပြားခတ်စက်လက္ခဏာများ တပ်ဆင်ရန် အောက်ခံသံမဏိပြားပေါ်တွင် နဂါးနှစ်ကောင် ရစ်ခွေနေသည့်ပုံစံကို တမ္ပဝတီ ဦးဝင်းမောင်က ပုံစံ ထုတ်ခဲ့ပြီး စစ်ကိုင်းမှ ပန်းထိမ်ပညာရှင် ဦးတင်မောင်က တာဝန်ယူကာ တစ်လကြာထုလုပ်ခဲ့ကြောင်း သမိုင်းပညာ ရှင် ဦးကျော်စိန်ဝင်းထံမှ သိရသည်။
ဇေယျတု(မကွေး)


