မြိတ်  ၂၀   မတ်

 

ဖန်တီးအိမ်( မြိတ်ရုံးခွဲ )ဖွင့်ပွဲနှင့် အာဆီယံဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိစေခြင်း စီမံကိန်းမိတ်ဆက်ခြင်းအခမ်းအနားကိုမတ် ၁၉ နေ့ နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက်၊ ကန်ဖျားလမ်းမကြီးရှိ ဖန်တီးအိမ် (မြိတ်ရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဖန်တီးအိမ် ( မြိတ်ရုံးခွဲ )ဖွင့်ပွဲနှင့်စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာသို့ မြိတ်ခရိုင် လူမှုဝန်ထမ်း ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့်ဌာနဆိုင်ရာများ၊မြိတ်မြို့နယ်အတွင်းရှိ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ၊ ဖန်တီးအိမ်အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးငယ်နှင့် အဖွဲ့ဝင်များ ရန်ကုန်မြို့ အခြေစိုက်အမျိုးသမီးအဖွဲ့များ ကွန်ရက်(မြန်မာ)မှ ညှိနှိုင်းရေးမှူး ဒေါ်မဉ္ဇူနှင့်အဖွဲ့ဝင်များ သတင်းမီဒီယာများ စုစုပေါင်း ၃၀ ဉီးခန့်တက်ရောက်ခဲ့ကြသည်။

 

ရုံးခွဲဖွင့်ပွဲတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဖန်တီးအိမ်အဖွဲ့အနေဖြင့် အမျိုးသမီးများ၏လူနေမှု ဘဝ မြှင့်တင်ရေး၊ အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မရှိစေရေးနှင့် ရွှေ့ပြောင်း အမျိုးသမီးအလုပ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထိုနောက် ဖန်တီးအိမ်အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးငယ်က ဖန်တီးအိမ်အဖွဲ့ အစည်းအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး၊ရန်ကုန်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့များကွန်ရက် ( မြန်မာ )မှ ညှိနှိုင်းရေးမှူး ဒေါ်မဉ္ဇူက အမျိုးသမီးအဖွဲ့များ ကွန်ရက်(မြန်မာ)အနေဖြင့် ဖန်တီးအိမ်အဖွဲ့အပါအဝင် အမျိုးသမီး အရေးလှုပ်ရှားသည့် အဖွဲ့များနှင့် ပူးပေါင်း၍ အာဆီယံဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်းအလုပ် သမားများအတွက် အခွင့်အရေးနှင့် အခွင့်အလမ်းများရရှိစေခြင်း စီမံချက်အကြောင်း  မိတ်ဆက် ပြောကြားခဲ့သည်။

 

ဆက်လက်၍အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) မှ စီမံကိန်း မန်နေဂျာ ဒေါ်ဖြူသော်ကအာဆီယံ ဒေသတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေး နှင့်အခွင့်အလမ်းများ ရရှိစေခြင်းစီမံချက် နှင့်ပတ်သက်၍ စီမံကိန်းအား ကမ္ဘာ့ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့မှ မတည်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၅၀ဝ၀ဝ) ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေကြောင်း စီမံကိန်း ကာလအား ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ ၂၄ လ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင် ပြည်နယ်၊ လိုင်ဇာမြို့ အခြေစိုက် ကရုဏာရှင်အမျိုးသမီးများအဖွဲ့၊ ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် မိခင်များအသင်း ဖန်တီး အိမ်တို့နှင့်ပေါင်းစပ်၍ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများမှ စီမံကိန်း နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

 

မြင့်ဉီး(မြိတ်)