ချောင်းဦး ၂၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို မတ် ၂၀ ရက် နံနက် ၉ နာရီက ရွှေလှေကျေးရွာတွင် မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေလှေကျေးရွာတွင် မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်းလုပ်ငန်းအဆင့်ဆင့်အလိုက် ဆောင်ရွက်သွားကြရန်နှင့် အချို့နေရာများတွင် ရေပြွန်တပ်ဆင်ခြင်းများ ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပြီး ရွှေလှေကျေးရွာ လမ်းကြီးကြပ်မှု ကော်မတီများကို လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ပြီးစီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် လုပ်ငန်းပြီးစီးပါက လမ်းရေရှည်အသုံး ပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း ပြောကြားသည်။
ယခုဘဏ္ဍာနှစ်တွင် ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် ၆၁ ဒသမ ၂ သန်းဖြင့် ဆောင်ရွက်မည့် ရွှေလှေကျေးရွာ ကုန်ထုတ်လမ်းသည် မြေသားတာပေါင်တင်ခင်းခြင်း လုပ်ငန်းဖြစ်ပြီး တင်ဒါအောင်မြင်သည့် Royal Zay ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးအတွက် ဌာနမှကြီးကြပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ရွှေလှေကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ သုံးပန်လှကျေးရွာနှင့် အခြားကျေးရွာမှတောင်သူများ၏ သီးနှံထွက်ကုန်များကို အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်ကူစွာ သယ်ယူတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြ၍သိရသည်။
ကွင်းဆင်းကြည့်ရှုရာသို့ မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ တင်ဒါအောင်မြင်ခဲ့သည့် Royal Zay ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရွှေလှေကျေးရွာ လမ်းကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာတောင်သူ ဦးကြီးများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


