မိုးကောင်း ၂၀ မတ်
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် "COVID-19 ရောဂါ မိမိကစကာကွယ်ပါ" အစီအစဉ်ဖြင့် လူထုအသိပညာပေးခြင်းကို မတ် ၂၀ ရက် နံနက် ၈ နာရီက လူစုလူဝေးများပြားရာနေရာဖြစ်သည့် မြို့မစည်ပင်သာယာဈေးတွင် ကျင်းပပြုလုပ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါအား ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေညာထားသည့်အတွက် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည့် အကောင်းဆုံးသောနည်းလမ်းဖြစ်သဖြင့် "COVID-19 ရောဂါ မိမိကစကာကွယ်ပါ" အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းက မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မိုးကောင်းမြို့မဈေးကြီး၏ အဝင်အထွက်ပေါက်များတွင် လက်ဆေးကန်များ၊ လက်ဆေးဆပ်ပြာရည်နှင့် အမှိုက်ပုံးများထားရှိကာ ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျလက်ဆေးရမည့်အချက်များကို လက်တွေ့သရုပ်ပြခြင်း၊ မကြာခဏလက်ဆေးခြင်းသည် ကူးစက်တတ်သည့်ရောဂါများကို အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများမှ ဈေးအတွင်းအသားငါးရောင်းချသည့် ဈေးသည်များအား ကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချနိုင်ရေးအတွက် အသားစိမ်းများကို လုံခြုံစွာဖုံးအုပ်ရောင်းချခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ရင်ဘတ်ကာဝတ်ဆင်၍ ဈေးရောင်းချခြင်း၊ ရေသုံးစွဲမှုများပြားသည့် ငါးရောင်းဝယ်ရေးလုပ်ကိုင်သူများအား လည်ရှည်ဖိနပ်ဝတ်ဆင်၍ ရောင်းချနိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


