နောင်ချို   ၂၀   မတ်  


ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျန်းမာရေးဦးစီးဌာန၊ ရွှေပုလဲအသင်းနှင့် Save The Children တို့ ပူးပေါင်း၍ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
 

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကို၊  ရွှေပုလဲ တာဝန်ခံဦးထက်ထက်ဟိန်း၊  Save   the  Children မှ  ဒေါ်ချိုသဲပိုတို့က မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်မှုများ၊ မသန်စွမ်းသူပြုစုပျိုးထောင်မှုများ၊  မသန်စွမ်းသူများကို  အတားအဆီးဖြစ်စေနိုင်မှုများကို လျော့ချစေနိုင်မှုများကို ဆွေးနွေးခဲ့ကြပြီး မသန်စွမ်းမှုကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ရရှိအောင်၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ဝင် ငွေရရှိစေမည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်သော ဝန်ထမ်းများအား မသန်စွမ်းမှုဆိုင်ရာ နည်းပညာ သင်တန်းများပေးသင့်ပါကြောင်း၊ဆေးရုံ အဆောက်အအုံများတွင် အဆင်ပြေချောမွေ့မှုရှိလာအောင် လုပ်ဆောင်ပေး သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။ 

ယနေ့အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို)၊ပြန်/ဆက်