ယင်းမာပင် ၂၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အာဆီယံအမွေအနှစ်ဖြစ်သော အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် တောရိုင်းတိရစ္ဆာန် ၈၅၇ မျိုးနှင့် သဘာဝပေါက်ပင် ၆၇၄ မျိုးကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောကြားသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ပင်လယ်ရေမျက်မှာပြင်အထက် ၂၀ဝ မီတာ မှ ၁၂၈၀ မီတာအထိရှိသော တောင်တန်းတွင် လျှိုမြောင်၊ ချိုင့်ဝှမ်းများ၊ ကုန်းမြင့်များ ရှိပါကြောင်း၊ အထက်ရွက်ပြတ်ရောနှောတောစို၊ အထက်ရွက်ပြတ်ရောနှောတောခြောက်၊ အောက်ရွက်ပြတ်ရော နှောတော၊ အင်တိုင်းတော၊ ထင်းရှူးတောနှင့် ချောင်းဘေးအမြဲစိမ်းတောများတွင် တောရိုင်းတိရစ္ဆာန် များနှင့် သဘာဝပေါက်ပင်းများရှိပါကြောင်း ၎င်းကပြောကြားသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၏ အကျယ်အဝန်းမှာ ၃၄၆၆၃၉ ဒသမ ၃၉ ဧက(၅၄၁ ဒသမ ၆၂ စတုရန်မိုင်) ရှိသော ဥယျာဉ်ထဲတွင် တောရိုင်းတိရစ္ဆာန်များဖြစ်သည့် ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင်း၊ ဆတ်၊ ဝက်ဝံ၊ ဂျီ၊ တောဆိတ်၊ တောခွေး၊ မျောက်အမျိုးမျိုးနှင့် တောကြောင် အမျိုးမျိုးစသည့် နို့တိုက် သတ္တဝါ ၃၆ မျိုး၊ အောင်းလောင်း၊ အောက်ချင်း၊ သစ်တောက်ငှက်၊ ဒေါင်း၊ ရစ် စရှိသည့် ငှက်အမျိုးပေါင်း ၄၇၇ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွား သတ္တဝါ ၉၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၂၅၀ ရှိပါကြောင်း ၎င်းက ပြောကြားသည်။
ဥယျာဉ်အတွင်း သဘာဝပေါက်ပင်များဖြစ်သော ကျွန်း၊ ပိတောက်၊ တမလန်း၊ သစ်ယာ၊ အင် ကြင်း၊ ပျဉ်းကတိုး စသည့် သစ်မျိုး ၄၆၅ မျိုး၊ ရှားပါးသစ်ခွ ၅၄ မျိုး၊ ဆေးဘက်ဝင်အပင် ၁၄၃ မျိုး၊ ဝါးဘိုး၊ ဝါးတင်း၊ မျှင်ဝါးစသည့် ဝါး ၈ မျိုး၊ ကြိမ် ၄ မျိုးရှိပြီး ၎င်းတို့ကို တောလမ်းများအတိုင်းခြေလျင်ဖြင့် လည်းကောင်း၊ ဆင်စီး၍ လည်းကောင်း၊ သဘာဝရှုခင်းများနှင့် တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှု လေ့လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ဥယျာဉ်တစ်ခု ဖြစ်ပြီး ၂၀ဝ၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်း ခံရပါကြောင်း၊ အလောင်းတော် ကဿပဘုရားသည် ဥယျာဉ်၏အလယ်တွင် တည်ရှိပြီး၊ ဘုရားပွဲကို နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ ဧပြီလ လယ်ခန့်အထိ ကျင်းပပါကြောင်း၊ ဘုရားဖူးလာသည့် ဧည့်သည်တော်များအတွက် အမျိုးသားဥယျာဉ်၏ သဘာဝရှုခင်းများနှင့် တောရိုင်းတိရစ္တာန်များကို မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်ပါကြောင်း ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောကြားသည်။
သတင်း- မွှေးကြူဇင်
ဓာတ်ပုံ- သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန


