ခန္တီး  ၂၀ မတ်

ရှားပါးမြန်မာ့တိုက်လိပ် (Myanmar Roofed Turtle) အကောင် (၄၀) အား စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လင်းဖားကျေးရွာ ရေလယ်ကျွန်းဘုရားအနီးတွင် (Soft Release) စနစ်ဖြင့် စေလွှတ်ခဲ့ကြောင်း WCS Myanmar မှ သိရသည်။

၎င်းတိုက်လိပ်များအား ၎င်းတို့၏နေရင်းဒေသဖြစ်သည့် ချင်းတွင်းမြစ်အထက်ပိုင်း လင်းဖားကျေးရွာ ရေချိုလိပ်ထိန်းသိမ်းရေးစခန်းတွင် ခြံလှောင်ထိန်းသိမ်းမွေးမြူလျက်ရှိရာ မျိုးဆက်ပြန့်ပွားရန် အရွယ်ရောက်ရှိလာပြီဖြစ်သောကြောင့် နေရင်းဒေသသို့ မတ် ၁၉ ရက်နေ့က ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

‌ေ

 

အထီး အကောင် (၂၀) ၊ အမ အကောင် (၂၀)  စုစုပေါင်း ကောင်ရေ (၄၀) စေလွှတ်ခဲ့ပြီး ယခင်ကလည်း အရွယ်ရောက်တိုက်လိပ်များအား ၎င်းတို့၏နေရင်းဒေသသို့ ပြန်လည်စေလွှတ်ခြင်းကို အောင်မြင်စွာပြုလုပ်ခဲ့ကာ ယခုအခါ (၄)ကြိမ်မြောက် ပြန်လည်စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်လိပ်များကို ချင်းတွင်းမြစ်ရေနှင့် အသားကျ ကျင်လည်ကျက်စားနိုင်ရန်အတွက် မြစ်နံဘေးတွင် ရေပေါ်ဖောင်ပြုလုပ်ကာ (Soft Release) စနစ်ဖြင့် (၈)လခန့်ကြာ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး နောက်တွင် မြစ်အတွင်းသို့ အပြီးတိုင်စေလွှတ်သွားမည်ဟုလည်း သိရသည်။

 

‌ေ

 

မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့တိုက်လိပ် (ခေါ်) လိပ်ခုံးမျိုးစိတ်အား မျိုးသုဉ်းမသွားစေရန် သစ်တောဦးစီးဌာန၊ သဘာဝ၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်း၍ လင်းဖားကျေးရွာရှိ ရေချိုလိပ်ထိန်းသိမ်းရေးစခန်းတွင် ခြံလှောင်မွေးမြူခြင်းနှင့် နေရင်းဒေသအတွင်း ပြန်လည်လွှတ်ပေးခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MDN
Crd-WCS Myanmar