ပွင့်ဖြူ ၂၀ မတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဖြေဆိုကျင်းပရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တွင် တစ်မြို့နယ်လုံး ဖြေဆိုရန် စာရင်းရှိ ၂၆၇ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေ ကျား ၁၂၅ ဦး၊ မ ၁၂၇ ဦး စုစုပေါင်း ၂၅၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေ ကျား/မ စုစုပေါင်း ၁၅ ဦး ရှိကြောင်း သိရကာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့် ဖြေဆိုကျင်းပလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနအသီးသီးတွင် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများနှင့် အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကလည်း ကျောင်းသားကျောင်းသူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကင်းဝေးစေရန်အတွက် စာမေးပွဲခန်းမဝင်မီ ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရကာ ယနေ့နောက်ဆုံးဖြေဆိုသည့် သမိုင်းဘာသာရပ်အား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုကျင်းပပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်ခင်ပြုံးရီထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


