နေပြည်တော်  ၂၀ မတ်

           

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

လက်မှတ်ရေးထိုးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိပွန်ဖောင်ဒေးရှင်း မှ Executive Director ဖြစ်သူ Mr. Yuji Mori နှင့် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

           

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က အဖွင့်အမှာစကား ပြောကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori က နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် နိပွန်ဖောင်ဒေးရှင်း မှ Executive Director ဖြစ်သူ Mr. Yuji Mori တို့မှ ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပြီး နားလည် မှုစာချွန်လွှာ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

           

ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းကို မတ် ၂၀ ရက်မှ စတင်၍ (၁) နှစ်နှင့် (၂) လတာ ကာလအတွင်း  အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၆၂၂)သန်းဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးဆိုင်ရာ လုပ်ငန်းများ၊ ဆိုလာမီးလင်းရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းဧရိယာအတွင်းရှိ မြို့နယ်(၁၁) မြို့နယ်မှ ကျေးရွာ(၇၄)ရွာရှိ ဒေသခံပြည်သူလူထုများအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေမည့် အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်