ဘားအံ ၂၀ မတ်

မတ်လ ၁၅ ရက်နေ့က ဘားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာတွင် တောမီးလောက်ကျွမ်းရာသို့ မီးငြှိမ်းသတ်ရန် ထွက်ခွာလာစဉ် ယဉ်မတော်တဆမှုဖြစ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား Myanmar Fire News Channels မှ စေတနာရှင် လူမှုကူညီရေးပြည်သူ့ဝန်ဆောင်မှု ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနရုံးသို့ လာရောက်၍ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၊ အမှတ်(၆)စခန်းခွဲမှ သေဆုံးခဲ့သောမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဒဏ်ရာရရှိခဲသော မီးသတ်တပ်ဖွဲ့ဝင်သုံးဦးအတွက် ထောက်ပံ့ငွေ ၁၀ သိန်းကျပ် လွှဲပြောင်းပေးအပ်ရာ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်း၊ ဘားအံမြို့နယ် မီးဘေးတားဆီးရေးအဖွဲ့ဝင် ဦးစိုးသိန်းတို့က လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့က ဘားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာတွင် တောမီးလောင်ကျွမ်းရာသို့ မီးငြှိမ်းသတ် နိုင်ရေးအတွက် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်မီးသတ်စခန်းခွဲမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘားအံ-သထုံကားလမ်းပေါ်၌ ၂၂ ဘီးတွဲယာဉ်တစ်စီးဖြင့် ပွတ်တိုက်မိရာ မီးသတ်တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိ၊ တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှလည်း သေဆုံးဒဏ်ရာရရှိခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံငွေ ၅ သိန်းကျပ်အား လည်းကောင်း၊ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှလည်း ထောက်ပံ့ငွေ ၁၁ သိန်း ၅ ထောင် ကျပ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာနမှ သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)